ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) မှာ နှစ်လအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ (၁၃၀၀) ကျော်ရှိ

ကရင်နီဒုက္ခသည်စခန်း အမှတ်(၁) မှာ နှစ်လအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ (၁၃၀၀) ကျော်ရှိ

ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ အဖြစ်များနေပြီး ၅နှစ်အောက် ကလေးငယ် နဲ့ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာဖြစ်တဲ့ နှာစေးတာ၊ ချောင်းဆိုးတာ ၊ လည်ချောင်းနာတာ၊ အသက်ရှူကြပ်တာ၊ ကိုယ်ပူခေါင်းကိုက်တာ အဖြစ်များတယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းက ဆေးခန်းမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလာရောက်ပြသသူ တစ်ရက်လျှင် အနည်းဆုံး ၅၀ ဦးနဲ့ အထက်ရှိနေပြီး အောက်တိုဘာလ နဲ့ နိုဝင်ဘာလအတွင်း လာရောက်ပြသတဲ့စာရင်းအရ လူဦးရေ (၁၃၀၀)ကျော်ရှိနေတယ်လို့ ကရင်နီပြည်အစိုးရ၊ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဆရာမနော်ခူဖော က ပြောပါတယ်။

“စခန်းထဲမှာက နှာစေးတာတို့၊ ကိုယ်ပူတက်တာတို့ ဒီလည်ချောင်းနာတာတွေတို့ အဲ့လိုမျိုး အများအားဖြင့် ကလေးတွေပေါ့နော်။ အသက်ရှူခက်ခဲတာတို့ ဖြစ်တာတွေရှိတာပေါ့။ နှာစေးချောင်းဆိုးတာနဲ့ ပတ်သက်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တာ တွေ့ရတာပေါ့နော်။ အများအားဖြင့် ကလေး ၅ နှစ်အောက် ကလေးတွေ ပိုပြီးတော့ ဖြစ်များတာတွေ့ရတာပေါ့။ ဒီ နောက်ဆုံး ၁၀လ ၊ ၁၁ လ အတွင်းမှာပေါ့နော် အားလုံး ပျမ်းမျှအားဖြင့် နှာစေး ၊ ချောင်းဆိုးတာတို့ အသက်ရှူခက်ခဲတာတို့ဆိုရင် အားလုံးပြန်ချုပ်တဲ့ အချိန်မှာ ၁၃၀၀ ကျော်လောက် တွေ့ရတာပေါ့နော်” လို့ ဆရာမနော်ခူဖော က ပြောပါတယ်။

ဖြစ်ပွားတဲ့သူ (၁၃၀၀)ကျော်ထဲ ပြင်းထန်တဲ့ရောဂါ လက္ခဏာခံစားရတဲ့သူတွေကိုတော့ နေအိမ်မပြန်ခိုင်းဘဲ ဆေးခန်းမှာပဲ ထားရှိကာ ကုသမှုပေးတယ်လို့ ဆိုပါတယ်။

၅နှစ်အောက်ကလေးငယ်တွေဟာ ကိုယ်ပူတာ၊ အသက်ရှူရတာခက်ခဲတာကြောင့် ညဖက်တွေ ငိုယိုပြီး အိပ်မပျော်တာ၊ ရင်ကြပ်တာ၊ ချောင်းဆိုးတာ ဖြစ်တယ်လို့ ကလေးငယ် မိခင်တစ်ဦးက ပြောပါတယ်။

“အရမ်းငိုတယ် ချောင်းတအားဆိုးလို့ရှိရင် သူ ဒီရင်ဘတ်တွေနာတယ်။ နောက်ကျောတွေမှာ နာတယ် အဲ့မျိုး ပုတ်ပေးရတယ်။ ပုတ်ပုတ်ပေးပြီးတော့ သူ့ကိုဒီလိုပဲ ပွေ့ထားတယ်။ ထောင်ထားရတယ်။ ဒီလို ပက်လက် အိပ်ရင် ပိုပြီးတော့ ဆိုးတယ်။ သူက အိပ်မရဘူး အဲ့လိုမျိုးပေါ့။ ရင်ကြပ်ပြီး အသက်ရှူပိုပိတ်တယ်။ အသက်ရှူ မဝတာ ပိုပြီးတော့ မောတယ်။” လို့ အဆိုပါ ကလေးငယ်မိခင်တစ်ဦးက ပြောပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ ခံစားရတဲ့ စခန်းနေလူထုတချို့ကတော့ လိုအပ်တဲ့ဆေးဝါးကို ဈေးဆိုင်တွေမှာဝယ်ယူတာရှိပြီး ပိုပြီး ပြင်းထန်တဲ့သူတွေကတော့ ဆေးခန်းမှာ လာရောက်ပြသကြတယ်လို့ သိရပါတယ်။

ကရင်နီဒုက္ခသည်စခန်းအမှတ် ( ၁ ) မှာ ရာသီဥတုအကူးအပြောင်းကာလအတွင်း အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားသူရှိနေတာပါ။

May 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူထုတွေကြား...
May 29, 2026
စတားလင့်ကုမ္ပဏီက မေလ ၆ ရက်နေ့ကစပြီး သုံးစွဲသူတွေရဲ့ ပတ်စ်ပို့ နဲ့ ခရီးသွားလာရေးမှတ်တမ်းပါတဲ့...
May 29, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာနဲ့ ဒေါပိုးစီကျေးရွာနှစ်ခုမှာ အခုနှစ် ၂၀၂၆-၂၀၂၇...
May 28, 2026
ကရင်နီပြည်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗျူဟာ အမှတ် ၆ ကနေ “...