နိုင်ငံတဝန်းမှာ အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းကျော်အထိ ရှိလာ

နိုင်ငံတဝန်းမှာ အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းကျော်အထိ ရှိလာ

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာလကုန်ထိ တိုက်ပွဲတွေအပြင် ဘဝမလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ တစ်သန်းကျော်အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA)က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

UNOCHA ရဲ့ အစီရင်ခံစာအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ဩဂုတ်လအထိ နေရပ်စွန့်ခွာထွက်ပြေးရသူ ၉၇၀၀၀၀ ကျော်ရှိရာကနေ စက်တင်ဘာလအတွင်း စစ်ရှောင်ဦးရေ ၄၂၆၀၀ ကျော် ထပ်တိုးလာတဲ့အတွက် နေရပ်စွန့်ခွာသူဦးရေဟာ တစ်သန်းကျော်အထိ ရှိလာတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ရေးပဋိပက္ခတွေပြင်းထန်တဲ့ စစ်ကိုင်းနဲ့မကွေးတိုင်းတို့ အပါအဝင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ကယားနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရပ်စွန့်ခွာသူ ၄၂၆၀၀ ကျော် တိုးလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ အညာဒေသ စစ်ကိုင်းတိုင်းမှာဆိုရင် နေရပ်စွန့်ခွာသူ ၄ သိန်းခွဲ နီးပါး၊ မကွေးတိုင်းမှာလည်း တစ်သိန်းကျော်အထိ ရှိလာခဲ့သလို တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရခိုင်ပြည်နယ်မှာလည်း စစ်ရှောင် ၁၃၀၀၀ ကျော် ထပ်တိုးလာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရှိ မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံစတဲ့ မြို့နယ်တွေမှာရှိတဲ့ ကုလသမဂ္ဂရုံးအပါအဝင် အရပ်ဘက်အဖွဲ့အစည်း (NGO/INGO) တွေကိုလည်း ခရီးသွားလာခွင့်အပါအဝင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးမှုတွေ ရပ်ဆိုင်းဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီက ညွှန်ကြားခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ပင်ထားတဲ့အတွက် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

UNOCHA ရဲ့ အစီရင်ခံစာအရ အာဏာမသိမ်းခင် နေရပ်စွန့်ခွာသူ ၃၃၀,၀၀၀ ကျော်နဲ့ အာဏာသိမ်းပြီး တိုးလာတဲ့ စစ်ရှောင်အရေအတွက်တို့ကို ထည့်ပေါင်းရင် စစ်ဘေးရှောင်ဦးရေ ၁ ဒသမ ၃ သန်းကျော် ရှိလာပြီလို့ ဖော်ပြပါတယ်။

ပဋိပက္ခနဲ့ ငွေကြေးဖောင်းပွမြင့်တက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် နေရပ်စွန့်ခွာစစ်ရှောင်တွေနဲ့ ထိခိုက်ခံစားရသူတွေရဲ့ လုံခြုံရေးနဲ့ အသက်အိုးအိမ် အကာအကွယ်ရရှိဖို့ အန္တရာယ်များပြားနေဆဲ ဖြစ်တယ်လို့ UNOCHA က ဆိုထားပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...