စက်သုံးဆီ မပြတ်လပ်ဟု ဝန်ကြီးက ပြောဆိုထားသော်လည်း မြေပြင်တွင် အခက်တွေ့

စက်သုံးဆီ မပြတ်လပ်ဟု ဝန်ကြီးက ပြောဆိုထားသော်လည်း မြေပြင်တွင် အခက်တွေ့

မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြောဆိုထားသော်လည်း လက်တွေ့မြေပြင်တွင် စက်သုံးဆီ ပြတ်လပ်မှုများ ပြန်လည်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ဝန်ကြီး ဦးဇေယျာဦးက မုဒုံမြို့နယ်၊ ကတုံးပေါ်ဆိပ်ကမ်းမှတစ်ဆင့် စက်သုံးဆီများ တင်သွင်းနေသဖြင့် အရှေ့ အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားနေသည့်တိုင် မွန်ပြည်အတွင်း စက်သုံးဆီ ပြတ်လပ်မှု မရှိကြောင်း လွှတ်တော် အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် မော်လမြိုင်မြို့အပါအဝင် ပေါင်၊ သထုံ၊ မုဒုံနှင့် အခြားမြို့နယ်များရှိ စက်သုံးဆီဆိုင် အများစု၌ အောက်တိန်း (၉၂)၊ (၉၅) နှင့် ပရီမီယံဒီဇယ်ဆီများ ဇူလိုင်လ တတိယပတ်မှစ၍ ပြတ်လပ်လာသည်။

ထို့ကြောင့် ဆီဆိုင်အများစုမှာ သတ်မှတ်ထားသည့် စုံ/မ စနစ်ဖြင့် ရောင်းချပေးခြင်း မရှိတော့ဘဲ အရောင်း ပိတ်ထားခြင်း သို့မဟုတ် လက်ကျန်အနည်းငယ်ကိုသာ ရောင်းချပေးနေရသည့် အခြေအနေသို့ ရောက်ရှိနေ သည်။

“သူတို့ ပြောတဲ့စကားက ဘယ်တုန်းက မှန်လို့လဲ။ ဆီမပြတ်ဘူး ပြောတယ်ဆို အခု သူတို့ ထိန်းချုပ်နိုင်ရမယ်၊ လမ်းညွှန်မှု ပေးနိုင်ရမယ်လေ။ သူတို့ အပြောက တခြား၊ အလုပ်က တခြား။ အခု မိုးလင်းတာနဲ့ လူတွေက အရင ်လို ဆီလိုက်ရှာနေရတယ်။ ဟိုပြေးသွားရင် ရောင်းသလိုလို၊ အသံကြားရင် ပြေးလိုက်၊ ဟိုရောက်ရင် မရောင်း ပြန်ဘူး။ တစ်ခါ နောက်တစ်နေရာကို ပြေးလိုက်၊ မရောင်းပြန်ဘူးနဲ့ အခု ဒီမနက်ကတည်းက တော်တော်များ များက ဆီနောက်ပဲ လိုက်နေရတယ်။ ဒုက္ခကတော့ ခါးသီးပါတယ်” ဟု ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောသည်။

ဒေသခံများမှာ စက်သုံးဆီပြတ်လပ်မှုများ ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိပြီး ယခင်ကကဲ့သို့ ညအိပ် တန်းစီရမည့် အခြေအနေများ ပြန်လည်ဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။

“ဆီလုံလုံလောက်လောက် မရှိတာလားပေါ့။ ကျနော်တို့ မနေ့တုန်းကပဲ သတင်းကြားတယ်။ ဒီနေ့ သတင်း ကြားကြားချင်းမှာပဲ ဆီဆိုင်တွေက ဆီလုံးဝမရှိဘူး ဆိုတော့ ဒါ ဆီဆိုင်တွေရဲ့ လုပ်စားဂွင်လားလို့ ကျနော်က စဉ်စားစရာ တစ်ခုတော့ ဖြစ်နေတာပေါ့။ ကျနော်တို့က နေ့တိုင်း သွားနေရတယ်ဆိုတော့ အရင်လိုမျိုး တန်းစီရမယ်ဆိုရင် အဆင်မပြေဘူးလေ” ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။

မွန်ပြည်အတွင်း စက်သုံးဆီများကို Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min ကုမ္ပဏီတို့က ကတုံးပေါ် ကျေးရွာရှိ ဆိပ်ကမ်းမှတစ်ဆင့် ဖြန့်ဖြူးရောင်းချပေးနေခြင်း ဖြစ်သည်။

ဈေးနှုန်းကျဆင်းစေရန်နှင့် ပြတ်လပ်မှုမရှိစေရန် ရန်ကုန် သီလဝါဆိပ်ကမ်းမှ ပြန်လည်ဝယ်ယူခွင့်ပြုရန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အဆိုပြုခဲ့သော်လည်း ဝန်ကြီးက လတ်တလော အစီအစဉ်မရှိကြောင်း ငြင်းဆိုခဲ့သည်။

မွန်ပြည်တွင် ယခင် မတ်လမှစတင်ကာ စက်သုံးဆီများကို လိုသလောက် ဝယ်ယူခွင့်မရဘဲ အကန့်အသတ် ဖြင့်သာ ဝယ်ယူနေရခြင်းဖြစ်သည်။

ထို့ပြင် ဧပြီလ ၂၂ ရက်နေ့မှစ၍ QR Code စနစ်၊ ယာဉ်အုပ်စုနှင့် စက်စွမ်းအင်အပေါ် မူတည်ပြီး စုံ/မ စနစ်ဖြင့် ရောင်းချနေသော်လည်း ဒေသခံများမှာ အခြားတိုင်းနှင့် ပြည်နယ်များထက် ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရသည့် ဒုက္ခကိုပါ ရင်ဆိုင်နေရသည်။

August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...
August 31, 2026
မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည်...
ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...