အောင်လံမြို့နယ် NLD လူငယ်တာဝန်ခံ၏ ဖခင်ဖြစ်သူအား စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး

အောင်လံမြို့နယ် NLD လူငယ်တာဝန်ခံ၏ ဖခင်ဖြစ်သူအား စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး

မကွေးတိုင်း၊ အောင်လံမြို့နယ် NLD လူငယ်တာဝန်ခံ ကိုသူရနိုင်၏ ဖခင် ဦးဝင်းနိုင်ကို စက်တင်ဘာ ၂၃ ရက်နေ့၊ နေ့လယ် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အောင်လံမြို့နယ်၊ ကန်ကြီးရပ်ကွက်၊ မြို့မစျေးတောင်ဖက်၊ လမ်းမတော်လမ်းရှိ မိသားစုပိုင်ဒေလီယာ ပရိဘောဂဆိုင်တွင် ရောက်ရှိနေသည့် ဦးဝင်းနိုင်ကို အရပ်ဝတ် စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

“အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ဆိုင်ကို ရောက်လာပြီး အိမ်စီးကားနဲ့ လာဖမ်းသွားတာပါ၊ ဘာမှလည်း မပြောသွားဘူး၊ မေးစရာရှိလို့ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာပဲ။”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကိုသူရနိုင်၏ ဖခင်ဖြစ်သူ ဦးဝင်းနိုင်သည် နှလုံးနှင့်သွေးတိုးရောဂါ အခံရှိခြင်းကြောင့် ပုံမှန်ဆေးသောက်နေရသူ ဖြစ်ကြောင်းလည်း သိရသည်။

“ကိုသူရနိုင်ကတော့ ၅၀၅ ထုတ်ခံထားရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူပါ၊ မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်နေတာ ကြာပါပြီ၊ ဦးဝင်းနိုင်က ကျန်းမာရေးလည်း သိပ်ကောင်းတာ မဟုတ်ဘူး၊ ပုံမှန်ဆေးသောက်နေရတာ၊ သူတို့က ဘယ်ခေါ်သွားမှန်းလည်း မသိတော့ လူမသိ သူမသိ နှိပ်စက် သတ်ဖြတ်ခံမှာကို မိသားစုက စိတ်ပူနေရတာပေါ့”ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

အောင်လံမြို့နယ် NLD လူငယ်တာဝန်ခံ ကိုသူရနိုင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၂၁ နိုဝင်ဘာလ ကတည်းက အကြမ်းဖက်စစ်ကောင်စီက ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူလည်း ဖြစ်သည်။

စစ်တပ်က မတရားအာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၂ စက်တင်ဘာလ ၂၃ရက်အထိ သတ်ဖြတ်ခံရသူ ၂,၃၁၆ဦးနှင့် ဖမ်းဆီးခံထားရသူ ၁၂,၄၆၄ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ဦးဝင်းနိုင်၏ပုံ

စာတည်း - သန့်ဇော်(သန်လျင်)

July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...
July 14, 2026
အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း...