၆ နှစ်နီးပါး ပိတ်ထားသည့် ပန်ဆောင် - နန်ပေါင် နယ်စပ်ဂိတ် ဇူလိုင် ၂၀ တွင် ပြန်ဖွင့်မည်

၆ နှစ်နီးပါး ပိတ်ထားသည့် ပန်ဆောင် - နန်ပေါင် နယ်စပ်ဂိတ် ဇူလိုင် ၂၀ တွင် ပြန်ဖွင့်မည်

အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ် နန်ပေါင်မြို့နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပန်ဆောင်မြို့အကြားရှိ ပန်ဆောင် - နန်ပေါင် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို လာမည့် ဇူလိုင်လ ၂၀ ရက်တွင် ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သည်။

ထိုသို့ ပြန်ဖွင့်ခြင်းကြောင့် ဒေသတွင်း စီးပွားရေး ပြန်လည်အသက်ဝင်လာနိုင်သော်လည်း လုံခြုံရေးနှင့် နယ်စပ် မူဝါဒဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံပညာရှင်များက သုံးသပ်ကြသည်။

အဆိုပါ နယ်စပ်ဂိတ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၉ ရက်နေ့က နန်ပေါင်မြို့အနီးရှိ နယ်စပ်ဈေးတွင် ပန်ဆောင်ဈေးကော်မတီနှင့် နန်ပေါင်နယ်စပ် ကုန်သွယ်ရေး စီးပွားရေးအသင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်ရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

နာဂစာပေနှင့် ယဉ်ကျေးမှုပညာရှင် ဒေါက်တာ အီနွေဆိုင်းညူက “ပန်ဆောင်ဂိတ်ဟာ နာဂဒေသနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ပြည်သူတွေ အတွက် အသက်သွေးကြောသဖွယ်ဖြစ်ပါတယ်။ ဒေသခံတွေအတွက် ကောင်းကျိုး တွေ အများကြီး ရှိလာနိုင်ပါတယ်” ဟု မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

၎င်း၏ ပြောဆိုချက်အရ အိန္ဒိယဘက်မှ ဆေးဝါးများ၊ အိမ်ဆောက်ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များ ပိုမိုဝင်ရောက်လာနိုင်သဖြင့် ဒေသခံများ၏ လူမှုစီးပွားရေးနှင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်လာနိုင်ပြီး၊ တစ်ဖက်တွင်လည်း ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များ၊ သစ်တောထွက်ပစ္စည်းများနှင့် ရိုးရာလက်မှုထုတ်ကုန်များကို ပြန်လည်တင်ပို့နိုင်မည့်အပြင် ခရီးသွားလုပ်ငန်းလည်း ပြန်လည်လှုပ်ရှားလာနိုင် သည်။

နန်ပေါင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် Laisam Simai ကလည်း နယ်စပ်ဈေး ပြန်လည်ရှင်သန်လာခြင်း သည် ဒေသခံကုန်သည်ငယ်များနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းကို ပိုမိုကောင်းမွန်လာစေပြီး ဒေသ စီးပွားရေး ဖွံ့ဖြိုးတက်ရေးအတွက် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ကြောင်း The Times of India သတင်းစာသို့ ပြောဆိုထားသည်။

အလားတူ နန်ပေါင်နယ်စပ် ကုန်သွယ်ရေးစီးပွားရေးအသင်း (NBTBA) ဥက္ကဋ္ဌကလည်း “ကျနော်တို့ရဲ့ ကုန်သည် များနဲ့ နယ်စပ်တဖက်ခြမ်းက သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်များဟာ ဒီအတွက် အချိန်အတော်ကြာ စောင့်ခဲ့ရပါ တယ်။ ဒါက ကပ်ရောဂါကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်းတွေ ပြန်လည်ရရှိလာစေမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

သို့ရာတွင် တစ်ဖက်၌ အိန္ဒိယဗဟိုအစိုးရက နယ်စပ်လွတ်လပ်စွာ ကူးသန်းခွင့်ကို ရပ်ဆိုင်းရန်နှင့် နယ်စပ် ခြံစည်းရိုး ကာရံရန် ဆောင်ရွက်နေခြင်းကြောင့် ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်သည့်တိုင် အခက်အခဲများ ရှိလာနိုင်ကြောင်း ဒေါက်တာ အီနွေဆိုင်းညူက ထောက်ပြသည်။

အနာဂတ်တွင် လုံခြုံရေးစစ်ဆေးမှုများနှင့် စာရွက်စာတမ်းလိုအပ်ချက်များ ပိုမိုတင်းကျပ်လာနိုင်ပြီး ကုန်သည် များနှင့် ဒေသခံများအတွက် သွားလာရေး အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် တရားဝင်ကုန်သွယ်ရေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်သော်လည်း မြေပြင်တွင် စနစ်တကျ မထိန်းကျောင်းနိုင်ပါက တရားမဝင် မှောင်ခိုကုန်သွယ်မှုများ ပိုမိုများပြားလာနိုင်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည်။

ယခု ပြန်လည်ဖွင့်လှစ်မည့် နယ်စပ်ကုန်သွယ်ရေးကို နယ်စပ်လွတ်လပ်စွာကူးသန်းခွင့် လမ်းညွှန်ချက်များနှင့်အညီ လစဉ် ၁၀၊ ၂၀ နှင့် ၃၀ ရက်များတွင်သာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ နယ်စပ်၏ နှစ်ဖက်စလုံးတွင် ၁၀ ကီလိုမီတာ အတွင်း နေထိုင်သည့် ဒေသခံများသာ ပါဝင်ခွင့်ရမည်ဖြစ်သည်။

ပန်ဆောင်နယ်စပ်ဂိတ်သည် သမိုင်းဝင် လီဒိုလမ်းမကြီးပေါ်တွင် တည်ရှိပြီး နာဂဒေသ၊ စစ်ကိုင်းတိုင်း အထက် ပိုင်းနှင့် ကချင်ပြည်ရှိ ပြည်သူများအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်သည်။

သို့သော် ပန်ဆောင်ဒေသအတွင်း နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ (NSCN) အဖွဲ့ကွဲများအကြား တိုက်ခိုက် မှုများ ရှိနေခြင်းနှင့် အိန္ဒိယ၏ နယ်စပ်ခြံစည်းရိုးကာရံရေး အစီအစဉ်အပေါ် ဒေသတွင်း ကန့်ကွက်မှုများ ရှိနေ ခြင်းတို့ကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်သော်လည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများမှာ ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...
July 14, 2026
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလျက်...
July 13, 2026
စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးအတွက် ကနီမြို့နယ်အတွင်းသို့...
July 13, 2026
မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ် (Five-Point Consensus) ကို ဆက်လက် အကောင်...