သေဒဏ်ပေးသည့်ဖြစ်စဉ်တွင်ပါဝင်သူအားလုံးကို တစ်ယောက်မကျန် အပြစ်ပေးနိုင်ရန် စနစ်တကျတုံ့ပြန်မည်ဟု NUG အစိုးရထုတ်ပြန်

သေဒဏ်ပေးသည့်ဖြစ်စဉ်တွင်ပါဝင်သူအားလုံးကို တစ်ယောက်မကျန် အပြစ်ပေးနိုင်ရန် စနစ်တကျတုံ့ပြန်မည်ဟု NUG အစိုးရထုတ်ပြန်

သေဒဏ်ပေးသည့်ဖြစ်စဉ်တွင်ပါဝင်အားလုံးကို တစ်ယောက်မျှမကျန် အပြစ်ပေးနိုင်ရန် နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စစ်ရေးနည်းလမ်း အစရှိသည့်နည်းလမ်းများဖြင့် စနစ်တကျတုံ့ပြန်မည်ဟု NUG အစိုးရကထုတ်ပြန်သည်။

ဇူလိုင် ၂၃ ရက်နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုက ဦးကျော်မင်းယု(ခ) ဦးဂျင်မီ ၊ ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော်တို့အား ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးယင်းဖြစ်စဥ်ကိုမိသားစုဝင်များကအင်းစိန်ထောင်သို့ သွားရောက်မေးမြန်းရာ ထုတ်ပြန်ချက်အတိုင်းသာဖြစ်သည်ဟု ထောင်အာဏာပိုင်များက အတည်ပြုခဲ့ပြီးရုပ်ကလာပ်များကို ပေးနိုင်ခြင်းမရှိကြောင်း NUG ကဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကို တရားဥပဒေမဲ့စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်သည် ဥပဒေအရ၊ လူ့ကျင့်ဝတ်စံနှုန်းများအရ မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ဖွယ်မရှိသောလုပ်ရပ်ဖြစ်သည်ဟု NUG ကထုတ်ပြန်သည်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်များအား ယခုကဲ့သို့ တရားမဲ့ကျူးလွန် သတ်ဖြတ်သည့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်သည် နိုင်ငံ၏အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာရန် လုံးဝဆန္ဒမရှိသည်ကို ထပ်မံသက်သေထူပြသခြင်းဟု NUG ကဆိုသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက် နိုင်ငံများအနေဖြင့် နောင်အနာဂတ်တွင် ယခုကဲ့သို့ကျူးလွန်မှုများ ထပ်မံပေါ်ပေါက်ခြင်းမရှိစေရန်အတွက် မြန်ဆန်ထိရောက်သော အကူအညီများ ပေးရန် NUG ကတိုက်တွန်းသည်။

စစ်ကောင်စီကို ဆက်ဆံချဥ်းကပ်ခြင်းသည် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပြေလည်မယ့်အဖြေဟု ယုံကြည်ထားသူများလည်း နားလည်သဘောပေါက်သင့်ပြီဟု NUG ကထုတ်ပြန်သည်။

အကျဥ်ထောင်များအတွင်း သတ်ဖြတ်ခံရသူများအပါအဝင်နွေဦးတော်လှန်ရေးကာလတစ်လျှောက် ကျဆုံးခဲ့ရသူများ၏ ပေးဆပ်မှုများကို ကျန်ရစ်သူမိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ထပ်တူဝမ်းနည်းရပြီး ဦးညွတ်အလေးပြုကြောင်း NUG ကထုတ်ပြန်သည်။

ပြည်သူများ၊ အသက်စွန့် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော် ရဲဘက်များအနေဖြင့် ပူဆွေးဝမ်းနည်းစိတ်၊ နာကျင်ခံပြင်းစိတ်များကို စိတ်ခွန်အားများအဖြစ်ပြောင်းလဲပြီး ကျရာနေရာမှပါဝင်ကာ တော်လှန်ရေး အောင်မြင်ပြီးဆုံးသည်အထိ မဆုတ်မနစ်တိုက်ပွဲဝင်ကြမည်ဟု ယုံကြည်ကြောင်း NUG ကထုတ်ပြန်သည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...