သေဒဏ်ပေးခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီဟု ဒေါ်အောင်ဆန်းစုကြည်မှတ်ချက်ပြု

သေဒဏ်ပေးခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် မညီဟု ဒေါ်အောင်ဆန်းစုကြည်မှတ်ချက်ပြု

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို လျို့ဝှက်သေဒဏ်စီရင်လိုက်ခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီသည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီလုပ်ဆောင်ခဲ့ခြင်းမရှိဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုပြောကြားကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားသော အမှုများအနက် ခုနှစ်မှုကို ယနေ့တစ်ရက်တည်းတွင် နေပြည်တော်တရားရုံးတွင် ရင်ဆိုင်နေရသဖြင့် အသက် ၅၃ နှစ်အရွယ် ဦးဂျင်မီ၊ အသက် ၄၁ နှစ်အရွယ် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်လိုက်ကြောင်းနှင့်ပတ်သက်၍ သူ၏မှတ်ချက်ပြုစကားကို တဆင့်စကားဖြင့် သိရခြင်းဖြစ်သည်။

"ဒါ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ပတ်သတ်လို့ ဒီလိုလုပ်လို့ မရဘူးဆိုတဲ့ အချက်အလက်တွေ ပြောပါတယ်"ဟု တရားရုံးနှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ခုက မဇ္ဈိမသို့ပြောသည်။

သေဒဏ်ချခံထားရသော နိုင်ငံရေးအကျဉ်းသားလေးဦးကို ပြစ်ဒဏ်စီရင်လိုက်ကြောင်းကို  ဇူလိုင် ၂၅ ရက် ထုတ် စစ်ကောင်စီသတင်းစာများတွင် ဖော်ပြပါရှိရာ လူအများကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

ကာယကံရှင်များ၏ မိသားစုဝင်များအနေဖြင့် သေဒဏ်စီရင်ခြင်းကို မီဒီယာများမှတဆင့်သာသိရှိခဲ့ရပြီး ရန်ကုန် အင်းစိန်ထောင်သို့သွားရောက်စုံစမ်းသောအခါတွင်လည်း ထောင်အရာရှိများက သေဒဏ်စီရင်ပေးခဲ့သည်ဆိုခြင်းသာ အတည်ပြုပြောပြီး အသေးစိတ်ကို ပြောပြခြင်းမရှိပေ။

ဇူလိုင် ၂၂ရက်နေ့က မိသားစုဝင်များနှင့် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် အွန်လိုင်းဗီဒီယိုမှတဆင့် ပေးတွေ့ပြီးနောက် ကွပ်မျက်လိုက်သောသတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ခေါင်းဆောင် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏသိမ်းစစ်ကောင်စီက အမှုပေါင်း ၁၉ မှုစွပ်စွဲကာ တရားစွဲကာ ခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချခဲ့ပြီးဖြစ်ကာ ကျန်အမှုများအတွက် နေပြည်တော်အချုပ်ထောင်ထဲမှ ဆက်လက်ရင်ဆိုင်နေရသည်။

ယမန်နေ့ ရုံးချိန်းမှာ စီးပွားရေးလုပ်ငနးရှင် ဦးမောင်ဝိတ်ထံမှ လာဘ်ယူခဲ့သည်ဆိုသော အဂတိမှု နှစ်မှု၊ ပရဟိတအဖွဲ့အစည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလုပ်ငန်းများတွင် မြေကွက်နှင့် ငွေကြေးအလွဲသုံးစားလုပ်သည်ဆိုသော အဂတိလေးမှုနှင့် နိုင်ငံပိုင်ရဟတ်ယာဉ်အသုံးပြုရာတွင် အလွဲသုံးစားပြုသည်ဆိုသော အဂတိမှုတစ်ခုတို့ဖြစ်သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုလေးမှုကို နှစ်ဘက် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ဩဂုတ်လ ၁၅ ရက်နေ့တွင် အမိန့်ချမှတ်မှာဖြစ်သည်။

ဦးဂျင်မီမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ် ၂၀ ကျော်နေခဲ့ရဖူးသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားသလို ဟစ်ဟော့အဆိုတော် ဦးဖြိုးဇေယျာသော်သည် တက်ကြွလှုပ်ရှားသူအဖြစ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လာသူဖြစ်သည်။

သေဒဏ်ပေးခံရခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်မကောင်းဖြစ်ရပုံကို "ဘယ်သူကတော့ စိတ်ကောင်းမလဲ။ အားလုံးက စိတ်မကောင်းဖြစ်နေတဲ့ အချိန်ပဲလေ"ဟု သတင်းရင်းမြစ်က ပြောသည်။

March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...