Kaung For You Education တည်ထောင်သူနှင့် CDM ကျောင်းဆရာ ၂ ဦးအား ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီမှကြေညာ

Kaung For You Education တည်ထောင်သူနှင့် CDM ကျောင်းဆရာ ၂ ဦးအား ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီမှကြေညာ

Kaung For You Education ဖက်ဒရယ်ကျောင်း တည်ထောင်သူ ဦးကောင်းသိုက်စိုးနှင့် CDM ကျောင်းဆရာ နှစ်ဦးအား ဇူလိုင်လ ၁၃ ရက်နေ့ က ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာရုပ်သံလိုင်းမှတစ်ဆင့် ကြေညာခဲ့သည်။

K4U ကျောင်းအုပ်ကြီး ဦးကောင်းသိုက်စိုးအပါအဝင် ဝင်းဗိုလ်(ခ)ဘိုဘို (CDM ၊ မူလတန်းပြ) ၂၈ နှစ်၊ (ဘ) ဦးထွန်းရွှေ၊ ကျောက်ဆည်မြို့နယ်၊ ကျားကာရွာနေသူနှင့် သန့်စင်ထိုက် ( CDM ၊ မူလတန်းပြ) ၂၈ နှစ်၊ (ဘ) ဦးမောင်အေး၊ မြစ်သားမြို့နယ်၊ မြင်းရွာကြီးကျေးရွာနေသူတို့အား ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ အောင်ပန်းမြို့နယ်၊ လှည်းရိုးရပ်ကွက်ရှိ ပြည့်တန်ဆာ အခန်းတွင် အမျိုးသမီးများနှင့်အတူ သောက်စားပျော်ပါးနေချိန်၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Kaung For You Education ၏ တရားဝင် FB Page တွင်တော့ ဇူလိုင်လ ၁၃ ရက် မနက် ၆ နာရီကျော် ဝန်းကျင်ခန့်က “ဆရာကောင်း ဖမ်းခံရ” ဟူသည့် ပိုစ့်တစ်ခုတင်ထားခဲ့ပြီး တစ်နာရီအကြာမှာ ပိုစ့်ကိုပြန်လည် ဖြုတ်ချခဲ့သည်ကို တွေ့ရသည်။ ထို့နောက်တွင်မူ အဆိုပါသတင်းအား အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း Kaung For You Education ၏ Admin Team မှ ပြန်လည်ဖြေရှင်းခဲ့သည်။ စစ်ကောင်စီဝါဒဖြန့် မီဒီယာကတော့ ကောင်းသိုက်စိုးနှင့် CDM ကျောင်းဆရာ နှစ်ဦးအား ဇူလိုင်လ ၁၃ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့သည်။

ဆရာကောင်းသိုက်စိုး အဖမ်းခံရကြောင်း သတင်းများစတင်ထွက်ပေါ်လာသည့် ဇူလိုင်လ ၁၃ ရက်နေ့မှာပဲ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ Kaung For You Education တွင် ပညာသင်ကြားနေသော ရန်ကုန်မြို့ရှိ ဆယ်တန်းကျောင်းသူတစ်ဦးလည်း နေအိမ်၌ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်းကို အဆိုပါကျောင်းသူလေး၏ မိသားစုဝင်တစ်ဦးက မဇ္ဈိမ ကို အတည်ပြုသည်။

Kaung For You Education မှ အချက်အလက်များ ပေါက်ကြားမှုဖြစ်ပြီးနောက် ဇူလိုင်လ ၁၃ ရက်နေ့တစ်ရက်ထဲတွင် အခြားတိုင်းနှင့်ပြည်နယ်များမှ ဆရာမ ငါးဦး၊ ဇူလိုင်လ ၁၄ ရက်တွင်မူ တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ CDM ပြုလုပ်ထားသော ဆရာ၊ ဆရာမ ငါးဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် K4Uကျောင်းနှင့်ဆက်စပ်သည် ဟုဆိုကာ ဆရာမ သုံးဦး၊ Kaung For You Educationတွင် စာသင်ကြားပေးရန်လျှောက်လွှာတင်ဖူးသော ရန်ကုန်မြို့ရှိ CDM ကျောင်းဆရာမတစ်ဦးလည်း ဇူလိုင်လ ၁၅ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရကြောင်း သိရသည်။

ဇူလိုင်လ ၁၅ ရက် ညပိုင်းကလည်း တာမွေမြို့နယ်ရှိ ရပ်ကွက်မတူသော နေရာနှစ်ခုမှ ဆရာမ နှစ်ဦး စစ်ကောင်စီ၏ အင်အားသုံးဖမ်းဆီးခြင်းခံရကြောင်း ကြားသိရသော်လည်း Kaung For You Educationနှင့်ဆက်စပ်ခြင်းရှိ မရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိပေ။

ယခုလို စာသင်ကြားပေးနေတဲ့ဆရာ/ဆရာမများကိုဖမ်းဆီးခြင်းက လွတ်လပ်စွာပညာသင်ကြားခွင့်ကို ချိုးဖောက်တာဖြစ်ပြီး ယုတ်မာလူမဆန်မှုတွေဖြစ်တယ်လို့ Kaung For You Education ကျောင်းနှင့် ဆက်စပ်သော ကျောင်းသူနှင့် ဆရာ/မများကို စစ်ကောင်စီမှ ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး NUG ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်က ရှုတ်ချပြောဆိုခဲ့သည်။

ဦးကောင်းသိုက်စိုးနှင့် CDM ကျောင်းဆရာ နှစ်ဦးအား ဖမ်းဆီးရမိမှုသတင်းထုတ်ပြန်ကြေညာချက်တွင် ၎င်းတို့သုံးဦး၏ နာမည်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ရည်ရွယ်၍ ပုံဖျက်သည်မှာ သိသာကြောင်းနှင့် စာသင်ပေးသော ဆရာ/ဆရာမများမှာလည်း အပြစ်ရှိသူများဖြစ်ခဲ့ရကြောင်း အွန်လိုင်းပေါ်တွင်ပျံ့နှံ့လာသည့် Kaung For You Education နှင့် ဆက်စပ်သူများကို စစ်ကောင်စီမှ ဖမ်းဆီးအရေးယူနေသည့် သတင်းများနှင့်ပတ်သက်ပြီး ပြည်သူများက မှတ်ချက်ပြုသည်ကိုလည်း တွေ့ရသည်။

July 16, 2026
အရပ်သားတစ်ပိုင်း စစ်အုပ်ချုပ်ရေး၏ အရေးပေါ်ကာလသက်တမ်းအား စစ်အုပ်စုက ထပ်မံတိုးမြှင့်လိုက်ခြင်း သည်...
July 16, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လတ်တလော စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူလေးဦးကို...
July 15, 2026
အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည်များ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) မရှိဘဲ တက္ကသိုလ်တက်ခွင့်...
July 15, 2026
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ဘေးရှောင်ပြည်သူ ၁,၀၀၀ ခန့်သည် စစ်ဘေးတိမ်း...