ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည်လွတ်မြောက်

ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည်လွတ်မြောက်

ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ် မြောက်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၈ ရက်နေ့က ကလေးသူငယ်များနှင့် ကျောင်းသား ၈ ဦး၊ ၉ ရက်နေ့တွင် ၆ ဦး၊ ဇူလိုင် ၁၀ ရက်နေ့ နံနက် ပိုင်းနှင့် ညနေပိုင်းတွင် သင်းအုပ်ဆရာတော်များ အပါအဝင် ကျန်ရှိသူများအားလုံးကို ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဆားမှော်ဒေသခံတစ်ဦးက “အကုန်လုံးလွတ်လာပြီး လာခေါ်ခိုင်းတာဟုတ်တယ်။ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) နဲ့ KBC ဆရာတွေ ညှိပေးတာဟုတ်တယ်။ ဟိုက တိုင်းမှူးတွေ၊ လူကြီးတွေနဲ့ ဖုန်း ပြောပြီး ညှိကြတာနေမှာ။ ဒီကိုလာပြီး လာညှိပေးတာတော့ မဟုတ်ဘူး” ဟု ပြောသည်။

ဇူလိုင် ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်မဟာ (၅၆၅) မှ အင်အား ၃၀ ခန့်က ဆားမှော် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ကာ ကလေးငယ် ၃ ဦးနှင့် သင်းအုပ်ဆရာ ၂ ဦး အပါအဝင် လူ ၃၀ ခန့်ကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ KBC တာဝန်ရှိသူများက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့ကို တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက်ပိုင်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့က ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့ ခေါင်းဆောင် အပါအဝင် ၄ ဦးကို ဖမ်းဆီးလိုက်သည့် သတင်းကြောင့် SNA ဘက်က ဆားမှော်ဘုရားကျောင်းမှ အသင်းတော်ဆရာများကို ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

သို့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြန်ကြားရေးဌာနဘက်ကမူ တစ်စုံတစ်ရာ အတည်ပြုချက် မရရှိသေးပေ။

ဆားမှော်ကျေးရွာတွင် ၂၀၂၄ ခုနှစ် မတ်လကလည်း ခါနန်ရပ်ကွက်၌ သတို့သမီးအပ်နှင်းပွဲ ပြင်ဆင်နေသူ ၆၀ ခန့်ကို စစ်ကောင်စီတပ် (ခလရ-၁၀၅) က ဖမ်းဆီးခဲ့ဖူးပြီး ထိုစဉ်ကလည်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ပြန်လည် လွတ်မြောက်ခဲ့ဖူးသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...