အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဟုဆိုကာ အာဏာသိမ်းစစ်အုပ်စု၏ မှားယွင်းစွပ်စွဲမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် စစ်တွေမြို့၊ သောဘိတာရာမကျောင်း စစ်ဘေးရှောင်စခန်းမှ တာဝန်ခံအမျိုးသမီးတစ်ဦး ပြန်လည်လွတ်မြောက်လာသည်။
လွတ်မြောက်လာသူမှာ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်မှ မအေးအေးအောင် (၃၅ နှစ်ခန့်) ဖြစ်ပြီး သူမ၏ အမျိုးသားမှာ AA တပ်ဖွဲ့ဝင်မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့သည့်အတွက် စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်း အချုပ်မှ ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။
“ပြန်လွတ်လာတာ တစ်ပတ်လောက်ရှိပါပြီ။ အေအေနဲ့ဆက်စပ်တယ်ဆိုပြီး တိုင်လို့ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာ ပါ။ သူ့ယောကျ်ားက အေအေက မဟုတ်ပါဘူး” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က သောဘိတာရာမကျောင်း စစ်ဘေးရှောင်စခန်းသို့ ဧည့်စာရင်းဝင်ရောက်စစ်ဆေးပြီးနောက် မအေးအေးအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
သူမကို အမှတ် (၂) ရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ဇွန်လ ၁၈ ရက်တွင် စစ်တွေမြို့နယ်တရားရုံးသို့ ရုံးထုတ်ခဲ့ သည်။
မြို့နယ်တရားရုံးက အပြစ်မရှိသဖြင့် လွှတ်ပေးခဲ့သော်လည်း အမှတ် (၁) ရဲစခန်းက ထပ်မံဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။
ဖမ်းဆီးခံထားရစဉ်အတွင်း သူမ၏ အမျိုးသားမှာ AA တပ်ဖွဲ့ဝင်ဖြစ်သည်ဟု သတင်းအတိအကျ တိုင်တန်းမှုရှိ သည်ဟုဆိုကာ အကြိမ်ကြိမ် စစ်ဆေးခံခဲ့ရသည်။
“သူ့လင်က အေအေကဆိုပြီး တိုင်လို့ ဖမ်းတာတဲ့။ အမှန်က သူ့လင်က ထိုင်းမှာ အလုပ်လုပ်နေတာလို့ သိရ တယ်။ နောက်ဆုံး ထိုင်းကိုဖုန်းခေါ်ပြီး သက်သေပြနိုင်လို့ လွှတ်ပေးလိုက်တာလို့ သိရပါတယ်” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
သတင်းအမှားဖြင့် တိုင်တန်းမှုကြောင့် မအေးအေးအောင်သည် ရက်ပေါင်း ၂၀ နီးပါး ရဲစခန်းအချုပ်တွင် နေထိုင် ခဲ့ရသည်။ သူမသည် နိုင်ငံရေးနှင့် ကင်းရှင်းသူ သာမန်အရပ်သားတစ်ဦးသာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အလားတူ မအေးအေးအောင် ဖမ်းဆီးခံရသည့်နေ့တွင်ပင် ဖမ်းဆီးခံခဲ့ရသည့် ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးသာဟန်မှာလည်း အပြစ်မရှိသဖြင့် ဇွန်လ ၂၂ ရက်နေ့တွင် အမှတ် (၁) ရဲစခန်းမှ ပြန်လည်လွတ်မြောက်ခဲ့သည်။







