သဘာဝဘေးဒဏ်သင့် ဂွမြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး

သဘာဝဘေးဒဏ်သင့် ဂွမြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ ကလေးငယ် အပါအဝင် ၃ ဦး သေဆုံး

သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရသော ရခိုင်ပြည်အတွင်းသို့ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ နောက်ထပ် ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်တွင် ဂွမြို့နယ်၊ ဓနိအုပ်စု၊ ကုလားချောင်းကျေးရွာသို့ စစ်တပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးရောက်ရှိလာပြီး ဗုံး ၂ လုံးကို အရပ်သားများနေထိုင်ရာ နေရာသို့ ရည်ရွယ် ချက်ရှိရှိ ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ကုလားချောင်းကျေးရွာမှ ဦးညွန့်မောင် (အသက် ၅၃ နှစ်)၊ ဒေါ်မမလေး (အသက် ၅၇ နှစ်) နှင့် ဖိုးသားလေး (အသက် ၃ နှစ်) တို့မှာ ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် နေရာတွင်ပင် သေဆုံးခဲ့ရပြီး နောက်ထပ် ၂ ဦးမှာလည်း ပြင်းထန်ဒဏ်ရာများရရှိ၍ ဆေးကုသမှု ခံယူနေရသည်။

ရခိုင်ဒေသသည် လက်ရှိအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေလျှံခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ပြည်သူများ ရင်ဆိုင်နေရချိန်ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်သည်။

စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက “ဒီမှာက အဖက်ဖက်က ဒုက္ခရောက်နေတာ။ မိုးကလည်းရွာ လေပြင်းကလည်းတိုက် ရေကြီး ဒီလိုဖြစ်နေတာပါ။ ဒါတောင် အားမနာဗျာ ဖက်ဆစ်စစ်တပ်ဟာ တိုက်ပွဲနဲ့ လုံးဝမသက်ဆိုင်တဲ့ အရပ်သား ပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ နေ့စဉ် ရက်ဆက် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်နေတာပါ။ သဘာဝဘေးဒဏ်ကို ရင်ဆိုင်နေရချိန်မှာတောင် တော်တော် ကောက်ကျစ်တယ်။ ဒီလိုမျိုး လုပ်တာက အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု ပြောသည်။

ဂွမြို့နယ်အတွင်း ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ကုလားချောင်းကျေးရွာအပြင် နောက်ထပ်နေရာတစ်ခုကိုလည်း လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု ဆိုသည်။

စစ်မျက်နှာအသီးသီးတွင် အာရက္ခတပ်တော် (AA) ထံမှ အရေးနိမ့်နေသည့် စစ်တပ်သည် ရှုံးမဲမဲကာ အရပ်သား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် ဂွမြို့နယ်အတွင်း အခြေအနေမှာ တင်းမာနေပြီး လေကြောင်းရန်ကို အထူးစိုးရိမ်နေကြရသည်။

August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...
August 20, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အလည်အပတ် နိုင်ငံကူးလက်မှတ် (PV)...