ဆိုင်ကယ်တစ်စီးပေါ် လူ ၂ ဦးစီးလာပါက အထူးစစ်ဆေးရန်ညွှန်ကြားထား

ဆိုင်ကယ်တစ်စီးပေါ် လူ ၂ ဦးစီးလာပါက အထူးစစ်ဆေးရန်ညွှန်ကြားထား

မွန်ပြည်နယ်တွင် ဆိုင်ကယ်တစ်စီးပေါ် လူ ၂ ဦးစီးလာပါက အထူးစစ်ဆေးရန်ညွှန်ကြားထားကြောင်း မော်လမြိုင်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

"ပစ်ခတ်ပြီးဖမ်းတာမျိုးလုပ်ဖို့တော့ ညွှန်ကြားထားတာမရှိပါဘူး။ တရားဝင် မစီးရဘူးဆိုပြီး ထုတ်ပြန်ထားတာမျိုးလဲမရှိဘူး။ အဓိကက ယောက်ျားလေးနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်တွေကို သေချာစစ်ဖို့လောက်ပဲ ညွှန်ကြားထားတာမျိုးရှိပါတယ်"ဟု အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မော်လမြိုင်မှအထွက် ခြောက်မိုင်စစ်ရေးဂိတ်တွင် ဆိုကယ်တစ်စီး လူ ၂ ယောက်စီးခြင်းကို တင်းကြပ်စွာလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“တွေ့တဲ့ဆိုင်ကယ်တိုင်းကို စစ်ဆေးမှာမဟုတ်ပါဘူး၊ ၂ ယောက်စီးတာတွေ့ရင် လိုအပ်ရင် စစ်ဆေးမေးမြန်းမယ်၊ ဟိုတစ်နေ့က ဘီလူးကျွန်းမှာ မိန်းခလေး ၂ ယောက်ဆိုင်ကယ်နဲ့လာပြီး ပစ်ခတ်လုပ်ကြံမှုတစ်ခုလုပ်ခဲ့ပေမယ့် လူကိုမထိလိုက်လို့ မအောင်မြင်ခဲ့ဘူးလို့ ဆိုရမှာပေါ့၊ အဲလိုဖြစ်စဥ်မျိုးရှိနေပြီ၊ ဒါကြောင့် ဆိုင်ကယ်နောက်မှာ မိန်းခလေးစီးရင်လည်း စိတ်မချတော့ပါဘူး၊ ၂ ယောက်စီးတာတွေ့ရင် မသင်္ကာရင်တော့ ခေါ်မေးမှာပဲ၊ ခေါ်မေးတာစစ်ဆေးမခံလိုဘဲ ထွက်ပြေးရင်တော့ ပစ်တာခတ်တာ လုပ်နိုင်ပါတယ်” ဟု ရဲအရာရှိတစ်ဦးထံမှ စုံစမ်းသိရှိရသည်။  

နိုဝင်ဘာလ ၁၉ရက်နေ့နောက်ပိုင်းတွင် မော်လမြိုင်မှအထွက် ခြောက်မိုင်စစ်ရေးဂိတ်၌ လူ ၂ ယောက်ဆိုင်ကယ်အတူစီးပါက ပြစ်ဒဏ်ပေးခြင်းနှင့် ဒဏ်ငွေရိုက်ခြင်းများပါလုပ်ဆောင်လာကြောင်း ဒေသခံ များက ဆိုသည်။

"မနေ့က ကျိုက်မရော ဘုရားသွားတာပါ။ ရပ်ကွက်က ကလေးတွေနဲ့ပေါ့။ ၆ မိုင်ဂိတ်ရောက်တော့ ကျနော်တို့ ၃ စီးကို တားပါတယ်။ စီးလို့မရဘူးပြောပါတယ်။ ကျနော်တို့က ကလေးတွေပါ ဘုရားဖူးသွားမလို့ လပြည့်ရက်လေးပေါ့။ ခဏလေးပါပဲ လွှတ်ပေးပါပြောလို့ သူတို့က အဲ့ဒါဆိုလည်းသွား မိုးမချုပ်စေနဲ့ပြောပြီး သွားခွင့်ပေးလိုက်တယ်” ဟု မော်လမြိုင်မြို့ခံလူငယ်တစ်ဦးက ဆိုသည်။

သို့ရာတွင် မွန်ပြည်နယ်တွင် ဆိုင်ကယ်စီးခြင်းနှင့်ပတ်သက်ပြီးတရားဝင်ကန့်သတ်မှုများမရှိသော်လည်း နိုဝင်ဘာလမှ စတင်ပြီး ထားဝယ်၊ မြိတ် အပါအဝင် အခြားမြို့နယ်များတွင် အမျိုးသား နှစ်ယောက်ဆိုင်ကယ်အတူစီးခြင်း၊အမျိုးသမီးအနောက်မှ အမျိုးသား လိုက်ပါစီးနင်းမှုများကိုအမေးအမြန်းမရှိ ပစ်ခတ်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း နစကကောင်စီက ဒေသန္တရအမိန့်တရပ်အနေဖြင့် ထုတ်ပြန်ထားသည်။

ရေးမြို့နယ် မော့ကနင်ရွာအထွက် စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၁၉ ရက် ညဦးပိုင်းအချိန်က ယာဥ်ရပ်နားပေးရန် လုံခြုံရေးတပ်ဖွဲ့တားသည်ကို မကြားသိ၍ မော်တော်ယာဥ်ချက်ချင်းမရပ်နိုင်သဖြင့် သေနတ်ပစ်ခံရပြီး မိသားစုဝင်နှင့်အတူ အိမ်စီးကားဖြင့်လိုက်ပါလာသည့်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။ 

Most read this week

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...