ငပလီကမ်းခြေ၌ ဆောင်းဦးပွဲတော်ကို ယခုလဒုတိယအပတ်တွင်ကျင်းပမည်

ငပလီကမ်းခြေ၌ ဆောင်းဦးပွဲတော်ကို ယခုလဒုတိယအပတ်တွင်ကျင်းပမည်

ကိုဗစ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုတို့ကြောင့် ကျဆင်းနေသည့်ခရီးသွားလုပ်ငန်းကို ပြန်ဦးမော့လာစေရန်ရည်ရွယ်ပြီး ငပလီကမ်းခြေ၌ ယခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဆောင်းဦးပွဲတော်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကိုဗစ်ရောဂါကူးစက်မှုကျဆင်းလာသဖြင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်ကြောင်းကို ကမ္ဘာကသိစေရန်ရည်ရွယ်သည်ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်ကပြောသည်။

“ဒီအချိန်မှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဦးမော့လာနိုင်အောင် ငပလီဒေသမှာ အခုလိုပွဲတော်လုပ်ပြီးခရီးသွားတွေကိုဆွဲဆောင်တာပေါ့”ဟု ၎င်းကဆိုသည်။

ယခုကျင်းပမည့် ဆောင်းဦးပွဲတော်တွင် မီနီမာရသွန်ပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ သဲသောင်ပြင် ဘောလီဘောပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် သဲပန်းချီပြိုင်ပွဲများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် လာရောက်အပန်းဖြေလည်ပတ်သူများနှင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် ကိုဗစ်စည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်းလည်း ဦးတင်ထွန်းအောင်က ဆက်ပြောသည်။

ကိုဗစ်ကာလအတွင်း ခရီးသွားများ လာရောက်မှုမရှိသဖြင့် ငပလီမှ ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်ကာ ဝန်ထမ်းအင်အား လျှော့ချခဲ့ရမှုများလည်း ရှိခဲ့သည်။

သို့သော် ကိုဗစ်ကူးစက်မှုလျော့ကျလာသည်နှင့်အမျှ ခရီးသွားအချို့လာရောက်မှုရှိခဲ့ပြီး သီတင်းကျွတ်ကာလတွင် ပြည်တွင်းခရီးသွားဦးရေ သိသာစွာများပြားခဲ့ကြောင်း ငပလီမြို့မှ “ဌေးဌေး”စားသောက်ဆိုင်နှင့်တည်းခိုခန်းပိုင်ရှင် ဦးမျိုးသက်က ပြောသည်။

“အချို့တွေက ကားနဲ့လာကြတာလည်းရှိတယ်။ အချို့တွေက လေယာဉ်တွေနဲ့လာကြတယ်။ အခုလိုပြန်စည်လာတော့ ကျွန်တော်တို့အတွက် နည်းနည်းတော့အဆင်ပြေလာတာပေါ့”ဟု ၎င်းကပြောသည်။

သံတွဲလေဆိပ်သို့ခရီးသွားဝင်ရောက်မှုမှာ ပြီးခဲ့သည့်စက်တင်ဘာလက ပြည်တွင်း ၇၅၆ ဦး၊ ပြည်ပ ၂၃ ဦးရှိခဲ့ပြီး အောက်တိုဘာလတွင် ပြည်တွင်း ၃၇၈၄ ဦးနှင့် ပြည်ပ ၁၀၄ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရသိရသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားခြင်းတို့ကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းက ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက် ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...