မြောက်ဦးမြို့ နန်းတော်ရာကုန်းကွင်းတွင် ခရီးသည်တင်ယာဉ်ရပ်နားစခန်း ယာယီပြုလုပ်မည်

မြောက်ဦးမြို့ နန်းတော်ရာကုန်းကွင်းတွင် ခရီးသည်တင်ယာဉ်ရပ်နားစခန်း ယာယီပြုလုပ်မည်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နန်းတော်ရာကုန်းကွင်းတွင် ခရီးသည်တင်ယာဉ်ရပ်နားစခန်းကို ယာယီပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အဆိုပါခရီးသည်ယာဉ်ရပ်နားစခန်းတွင် မြောက်ဦး-စစ်တွေ၊ မြောက်ဦး-မင်းပြားနှင့် မြောက်ဦး-ကျောက်တော် ခရီးတိုပြေးဆွဲနေသောခရီးသည်ယာဉ်များနှင့် သုံးဘီးဆိုင်ကယ်များ ရပ်နားမည်ဖြစ်သည်။

မြောက်ဦးမြို့အတွင်း စည်းကမ်းတကျယာဉ်ရပ်နားစေရန်နှင့် အများပြည်သူ လမ်းသွားလမ်းလာအဆင်ပြေစေရန် ယာဉ်ရပ်နားစခန်း ယာယီကားဂိတ်ပြုလုပ်ရန်စီစဉ်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရွှေမောင်ကပြောသည်။

“ယာဉ်ရပ်နားကွင်းလုပ်ရတဲ့အဓိကရည်ရွယ်ချက်က ခရီးသည်တွေ၊ အများပြည်သူတွေအဆင်ပြေဖို့အတွက်လုပ်ဖြစ်တာပါ။ အစိုးရဆီကခွင့်ပြုချက်နဲ့ ဒီအစီအစဉ်ကိုလုပ်တာပါ“ဟု ၎င်းကဆိုသည်။

ယာဉ်ရပ်နားစခန်းအနီးရှိ ဈေးဆိုင်များကိုလည်း စည်းကမ်းတကျဖြစ်စေရန် နေရာသတ်မှတ်စီစဉ်ပေးမည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“ယာဉ်ရပ်နားခကို ယာဉ်လိုင်းပိုင်ရှင်တွေက ကောက်ခံသွားဖို့စီစဉ်ထားတယ်။ စည်ပင်ကသတ်မှတ်မယ့် ယာဉ်ရပ်နားခကို ယာဉ်လိုင်းပိုင်ရှင်တွေက စည်ပင်ထံပြန်ပေးသွင်းရမယ်။ ဈေးဆိုင်တွေကလည်း အခွန်ပေးသွင်းရမယ်”ဟု ဦးရွှေမောင်ကဆိုသည်။

မြောက်ဦး-စစ်တွေ ခရီးစဉ်ပြေးဆွဲနေသည့်ယာဉ်မောင်း ဦးကျော်နိုင်က “အခုဆိုရင် ကားတွေကိုလမ်းဘေးချရပ်ထားရတယ်။ လမ်းသွားလမ်းလာတွေ အဆင်မပြေဖြစ်ကြတယ်။ ယာဉ်ရပ်နားကွင်းတွေသတ်မှတ်ပြီး ကိုယ့်မြို့အလိုက်ကားရပ်နားဖို့နေရာ စီစဉ်ပေးမယ်ဆိုတော့ ယာဉ်ကြောမပိတ်တော့ဘူးပေါ့“ဟု ပြောသည်။

သို့သော် မြောက်ဦးမြို့ နန်းတော်ရာကုန်းကွင်းတွင် ယာဉ်ရပ်နားစခန်းပြုလုပ်သည်မှာ မဖြစ်သင့်ကြောင်း မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက DMG သို့ ပြောသည်။

“ကမ္ဘာ့ယဉ်ကျေးမှုဝင်ဖို့ကြိုးစားနေတဲ့ကြားမှာ နန်းတော်ကုန်းကို ကားကွင်းလုပ်တယ်ဆိုတာဟာမဖြစ်သင့်ဘူးပေါ့နော်။ မြန်မာနိုင်ငံမှာလည်းမရှိ ကမ္ဘာမှာလည်းမရှိဘူး“ဟု ၎င်းကပြောသည်။

မြောက်ဦးမြို့၊ ထမရာဇ်ရပ်ကွက်တွင် အဝေးပြေးခရီးသည်ကားဝင်ရှိသော်လည်း ခရီးတိုယာဉ်လိုင်းများရပ်နားရန် နန်းတော်ကုန်းကွင်းတွင် ယာဉ်ရပ်နားစခန်းပြုလုပ်ရန်စီစဉ်ထားခြင်းဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...