ရခိုင်က အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံရသူ ၃၆ ဦးတို့၏ အမှုများကို ထပ်မံရုပ်သိမ်းပေးရန် ဆောင်ရွက်နေ

ရခိုင်က အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံရသူ ၃၆ ဦးတို့၏ အမှုများကို ထပ်မံရုပ်သိမ်းပေးရန် ဆောင်ရွက်နေ

ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ ၃၆ ဦးတို့၏ အမှုများကို ထပ်မံရုပ်သိမ်းပေးရန်ဆောင်ရွက်နေကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။

“အရင်က အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတဲ့အမှုတွေကို သုံးကြိမ် ရုပ်သိမ်းပေးပြီးပြီ။ အခုကလေးကြိမ်မြောက်ပေါ့" ဟု ဦးလှသိန်းက ပြောသည်။

ယင်းသို့ အမှုများကိုပြန်လည်ရုပ်သိမ်းပေးရန်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုမှ သဘောတူညီမှုကိုရယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

“အဲဒီအမှုတွေကိုရုပ်သိမ်းဖို့အတွက် အကြမ်းဖက်ဗဟိုုအဖွဲ့ရဲ့ သဘောတူညီချက်ကိုပြန်ယူရတယ်။ (ခွင့်ပြုချက်) ဒီနေ့ကျရင် မနက်ဖြန် ကျနော်တို့ တရားရုံးကိုတင်ပေးတယ်” ဟု ဦးလှသိန်းကပြောသည်။

ယခုအမှုရုပ်သိမ်းပေးရန် ဆောင်ရွက်နေသူ ၃၆ ဦးတို့၏ စာရင်းမှာ ပြီးခဲ့သည့်အောက်တိုဘာလပထမအပတ်ကနေ ပြည်နယ်စစ်ကောင်စီထံရောက်ရှိနေပြီဖြစ်သော်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ညွှန်ကြားစာမရရှိသေးသည့်အတွက် မလွှတ်ပေးသေးခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီမှ ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်း အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့်အမှုများထဲမှ သုံးကြိမ်ရုပ်သိမ်းပေးလိုက်သည့်အထဲတွင် အမှုပေါင်း ၂၃ မှုကိုရုပ်သိမ်းပေးကာ လူဦးရေ ၄၄ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။

ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားခြင်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက်တွင် ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသူများ၏ အမှုအချို့ကို စစ်ကောင်စီမှ ပြန်လည်ရုပ်သိမ်းပေးမှုများ ရှိလာနေခြင်းဖြစ်သည်။

“အမှန်လွတ်မယ်ဆိုလို့ရှိရင် အကုန်လုံးလွှတ်သင့်ပါပြီ။ အခုက အကန့်အသတ်တစ်ခုအနေနဲ့ထားတယ်လို့ ထင်မြင်ရတယ်။ လွှတ်မယ်ဆိုလို့ရှိရင် တစ်သုတ်တည်းလွှတ်လို့ရတယ်။ အခုက အဲလိုမဟုတ်ဘဲ တစ်ဖြတ်စီလွှတ်ပေးတယ်။ အဲဒါတွေကမဖြစ်သင့်ဘူး။ တချို့ဆိုလို့ရှိရင် သုံးနှစ်လောက်ရှိနေပြီ။ အချုပ်ခံနေရတဲ့သူတွေရဲ့အခွင့်အရေးဆုံးရှုံးတယ်” ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သူ ၆၁ ဦးတို့၏အမှုများကို ပိတ်သိမ်းကြောင်း စစ်ကောင်စီကထုတ်ပြန်ခဲ့သော်လည်း ယနေ့အထိလွတ်မြောက်လာသူ ၅၈ ဦးသာ ရှိသေးသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်း ဖမ်းဆီးခံရသူများစာရင်းများကို ကောက်ယူနေသည့်အဖွဲ့ အစည်းများ၏ စာရင်းအရသိရသည်။

လက်ရှိတွင် အကြမ်းဖက်ပုဒ်မဖြင့်တရားစွဲဆိုခံထားရသူများထဲမှ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း ၁၀၂ ဦးရှိသွားပြီဖြစ်သော်လည်း မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...