အချိုးကျကိုယ်စားပြုစနစ်အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များအား ဆွေးနွေးမည့်ပွဲသို့ ရခိုင်မှ AFP ပါတီ တက်ရောက်မည်

အချိုးကျကိုယ်စားပြုစနစ်အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များအား ဆွေးနွေးမည့်ပွဲသို့ ရခိုင်မှ AFP ပါတီ တက်ရောက်မည်

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပမည့် အချိုးကျကိုယ်စားပြုစနစ် (PR) အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များကို ဆွေးနွေးမည့်ပွဲအား ရခိုင်ပြည်နယ်မှ ရခိုင့်ဦးဆောင်ပါတီ (AFP) တက်ရောက်မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ပြောင်းလဲလာသောခေတ်အခြေအနေအရ သင့်လျော်သည့် ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် အချိုးကျကိုယ်စားပြုစနစ် (PR) အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလပထမအပတ်တွင် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲကို ရခိုင့်ဦးဆောင်ပါတီ (AFP) မှ တက်ရောက်မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က DMG ကိုပြောသည်။

“အဲဒီဆွေးနွေးပွဲကို တက်ပါမယ်။ ကျနော်နဲ့ အတွင်းရေးမှူးအဖွဲ့က ဦးသိန်းထွန်းတက်မှာပါ။ စာရင်းပေးဖို့ပြောထားပြီးပါပြီ။ တက်ရောက်နားထောင်မယ့်သဘောပါ။ (PR) စနစ်နဲ့ပတ်သက်လို့ ဆွေးနွေးရှင်းလင်းတာတွေရှိရင် နားထောင်ပေးမယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် တစ်ပါတီလျှင် နှစ်ဦးတက်ရောက်ပေးရန်နှင့် တက်ရောက်မည့်ပုဂ္ဂိုလ်၏ အမည်၊ ပါတီတာဝန်နှင့် ဖုန်းနံပါတ်တို့ကို နိုဝင်ဘာလ ၁ ရက်နေ့နောက်ဆုံးထားပြီး အကြောင်းကြားရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာတွင် ပါရှိသည်။

ယင်းဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် တက်မည်၊ မတက်ရောက်ကို လတ်တလောတွင်မဆုံးဖြတ်ရသေးကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ဆိုသည်။

“လောလောဆယ်ပြောရရင် ဆွေးနွေးပွဲကိုတက်ဖို့ ပါတီအနေနဲ့ ဆွေးနွေးနေတဲ့ အခြေအနေပဲရှိသေးတယ်” ဟု ANP ပါတီမှ ဥက္ကဌ ဦးသာထွန်းလှကပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီထံ လက်ရှိအချိန်ထိ PR စနစ်နှင့်ပတ်သက်ပြီး ဆွေးနွေးပွဲတက်ရောက်ရန်ဖိတ်ကြားစာ မရောက်ရှိသေးကြောင်း ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ပြောသည်။

“ဖိတ်ကြားစာရောက်တာ မတွေ့သေးဘူး။ သီးခြားမဖိတ်ဘဲထားသလား။ အခြားပါတီတွေက ဖိတ်ကြားစာရပြီး ကျနော်တို့တော့ မရသေးဘူး။ အကယ်၍ ဖိတ်ကြားစာရောက်လာမယ်ဆိုရင်လည်း (CEC) အစည်းအဝေးထိုင်ပြီးမှ ဆွေးနွေးပွဲကို တက်၊မတက်ဆုံးဖြတ်ရမယ်”ဟု ၎င်းကပြောသည်။

(ALD) အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုသော်လည်းကောင်း၊ ဒီမိုကရေစီအာဏာရှင်စနစ်ကိုသော်လညး်ကောင်း လက်ခံမည်မဟုတ်ကြောင်း မြန်မာစစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းပြီးနောက်တွင် ယင်းပါတီမှထုတ်ပြန်ခဲ့သည်။

PR (Open list system) စနစ်မှာ မဲလက်မှတ်တွင်ပါသည့် ကိုယ်စားလှယ်လောင်းများကိုရွေးချယ်ပြီး မဲဆန္ဒရှင်များကမဲပေးခွင့်ရှိကာ မိမိနှစ်သက်ရာကိုယ်စားလှယ်လောင်းကိုရွေးချယ်ရန် လမ်းဖွင့်ပေးထားသည်ဟုဆိုသည်။

ယင်းအတွက် ပါတီကိုကြည့်ပြီး မဲမပေးပဲ လူကိုကြည့်ပြီး ကိုယ်ထောက်ခံရာကိုယ်စားလှယ်တစ်ဦးသာ ရွေးချယ်မဲပေးခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် မဲများသူအနိုင်ရသည့် ရွေးကောက်ပွဲစနစ် (First Past the Post- FPTP) ကို ကျင့်သုံးခဲ့သည်။

သို့သော် နိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ဖေဖော်ဝါရီလကတည်းက မဲများသူအနိုင်ရသည့် ရွေးကောက်ပွဲစနစ်(First Past the Post- FPTP)အစား အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...