ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း အမှုဖွင့်တိုင်ကြားမှု ၁၂ မှုသာရှိ

ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း အမှုဖွင့်တိုင်ကြားမှု ၁၂ မှုသာရှိ

ရခိုင်ပြည်နယ်ရှိ (၁၇) မြို့နယ်တွင် မော်တော်ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမှု ယခုနှစ် ၉ လအတွင်း ၁၂ မှုသာရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါအမှုဖွင့်တိုင်ကြားသည့် ၁၂ မှုမှ ခြောက်မှုကို ဖော်ထုတ်အရေးယူနိုင်ခဲ့ပြီး ကျန်ခြောက်မှုမှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး (မှုခင်းမှတ်တမ်း) မျိုးဝင်းက DMG သို့ပြောသည်။

“ဆိုင်ကယ်ခိုးမှုတွေက များနေတာတော့မှန်ပါတယ်။ အခုဆို စစ်တွေမြို့မှာ လူနေထူထပ်လာပြီ။ လူဦးရေသိပ်သည်းလာမှုနဲ့အတူ အဲဒီထဲမှာ အခြေအနေမဲ့တွေပါလာတယ်။ ရွှေ့ပြောင်းအခြေချသူတွေလည်းရှိလာတယ်။ ပြီးတော့ကိုဗစ်ကာလမှာ လူတွေ စားဝတ်နေရေးအခက်အခဲတွေရှိလာတယ်။ ဒါကြောင့် ခိုးမှုတွေများလာတာလို့ ယူဆသုံးသပ်မိတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဆိုင်ကယ်ခိုးမှုများပပျောက်စေရန် ပြည်နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်း ရဲမှူး(မှုခင်းမှတ်တမ်း)မျိုးဝင်းက ဆက်လက်ပြောကြားသည်။

“တချို့ကျတော့ လုံလုံခြုံခြုံထားရင်း အခိုးခံရတယ်။ တချို့ကျတော့ ကိုယ်ရဲ့ဆိုင်ကယ်ကို လမ်းဘေးထားတာတို့၊ စားသောက်ဆိုင်တွေကိုသွားပြီးတော့ အဆောက်အအုံမရှိတဲ့နေရာမှာ ထိုးထားရင်းနဲ့ ပျောက်တာမျိုးတွေရှိတယ်။ တချို့ကျတော့ ကမ်းခြေဖက်ကိုသွားပြီး ဆိုင်ကယ်အဝေးကြီးထားပြီးတော့ ပျောက်ဆုံးတာတွေလည်းရှိတယ်။ ပြောချင်တာကတော့ ကိုယ့်ပစ္စည်းကို ကိုယ့်ကိုတိုင် ထိန်းသိမ်းဖို့လည်းတာဝန်ရှိတာပေါ့။ ရဲတပ်ဖွဲ့အနေနဲ့လည်း ခိုးမှုတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်အောင်ဆောင်ရွက်နေပါတယ်” ဟု ၎င်းကဆိုသည်။

ဆိုင်ကယ်အခိုးခံရသူများမှလည်း ရဲစခန်းထံ အမှုဖွင့်တိုင်တန်းမှုမရှိခြင်းမှာ အကြောင်းနှစ်ချက်ရှိကြောင်း ဆိုသည်။

“မတိုင်တာ အချက်နှစ်ချက်ရှိတယ်။ တစ်ခုက ခိုးခံရတဲ့ဆိုင်ကယ်က လိုင်စင်မရှိတာ။ ပြီးတော့ ခိုးမှုကျူးလွန်သူတွေထဲမှာ လူငယ်တွေအများစုပါဝင်တယ်။ အဲဒီလူငယ်တွေက အသက်မပြည့်သေးတော့ မိဘတွေရဲ့အာမခံနဲ့ ပြန်လွှတ်ပေးရတယ်။ အဲဒီလူငယ်တွေကပဲ ထပ်ပြီးခိုးမှုတွေကျူးလွန်နေကြတယ်။ ဆိုင်ကယ်သူုခိုးတွေကို ဖမ်းမိရေးအတွက် တရားမဝင်ဖွင့်ထားတဲ့ အပေါင်ဆိုင်တွေကိုကြပ်မတ်ရမှာဖြစ်တယ်” ဟု ဆိုင်ကယ်နှစ်စီးပျောက်ဆုံးခဲ့သူ ကိုဇော်မင်းသန်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ဆိုင်ကယ်ခိုးမှုစုစုပေါင်း ၃၉ မှုရှိခဲ့ပြီး ဖမ်းဆီးတရားစွဲဆိုမှု ၁၄ မှု၊ ပိတ်သိမ်းမှု ၁၉ မှုနှင့် စုံစမ်းစစ်ဆေးနေဆဲအမှု ၆ မှုရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...