ရခိုင်မှ ဇာတ်သဘင်များ ယခုနှစ်တွင် ပြန်လည်ဦးမော့လာဟုဆို

ရခိုင်မှ ဇာတ်သဘင်များ ယခုနှစ်တွင် ပြန်လည်ဦးမော့လာဟုဆို

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့စစ်တပ်တို့အကြား (၂) နှစ်ကျော်တိုက်ပွဲကြောင့် ရပ်နားထားရသည့် ရခိုင်မှ ဇာတ်သဘင်များမှာ ယခုနှစ်တွင် ပြန်လည်ဦးမော့လာကြောင်း ဇာတ်တည်ထောင်သူများက ဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး ဇာတ်သဘင်များယာယီရပ်နားခဲ့ရပြီးနောက် ယခုနှစ်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများမရှိတော့သဖြင့် ဇာတ်သဘင်အဖွဲ့များကို ပြန်လည် ဖွဲ့စည်းလာခဲ့သည်။

ယခုနှစ်တွင် ယာယီရပ်နားခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ တောင်ကုတ်၊ ကျောက်ဖြူ၊အမ်း၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်ရှစ်ခုတွင် ဇာတ်သဘင် ၁၁ ခု ကို ပြန်လည်တည်ထောင်နိုင်ခဲ့ကြောင်း အာရက္ခမဏ္ဍိုင်ခေတ်သစ် ရက္ခိုင်ရိုးရာယဉ်ကျေးမူ အဆင့်မြင့်အနုသဘင်အဖွဲ့မှ ဒါရိုက်တာ ဦးထွန်းမြင့်နိုင်ကပြောသည်။

“၂၀၂၀ ခုနှစ်ကစပြီး တိုက်ပွဲတွေရပ်လာတယ်။ တဖက်မှာလည်း ကျနော်တို့ဇာတ်အဖွဲ့ဝင်တွေ စားဝတ်နေရေးကလည်း အဆင်မပြေတော့ဘူးဆိုတော့ ပြန်တည်ထောင်တယ်ပေါ့၊ ဆိုတော့ ကျနော်တို့နောက်က မနှစ်ကလိုက်ဖွဲ့တဲ့ ဇာတ်သဘင်အဖွဲ့ ၄ ဖွဲ့လောက်ရှိမယ်။ ဒီနှစ်မှာပဲ ကျနော်တို့စလုပ်တော့ ကျနော်တို့အခြေအနေကောင်းတာမြင်ပြီး လိုက်ဖွဲ့စည်းတဲ့ ဇာတ်အဖွဲ့တွေရှိတာကြောင့် အခုဆို ရခိုင်မှာ ဇာတ်သဘင်အဖွဲ့ ၁၁ ဖွဲ့အထိရှိလာတယ်” ဟု ၎င်းကရှင်းပြသည်။

ဇာတ်သဘင်အဖွဲ့များအနေဖြင့် ယခုနှစ်တွင် ပြန်လည်ဦးမော့လာသော်လည်း ဇာတ်ပွဲကရန်အတွက် မြို့နယ်အလိုက် ပွဲငှားရမ်းသူအရေအတွက် နည်းပါးနေဆဲဖြစ်ကြောင်း ဦးထွန်းမြင့်နိုင်က ဆိုသည်။

“အခုက ပွဲငှားနည်းတော့ ဇာတ်သဘင်အများစုက များသောအားဖြင့် ကျေးရွာတွေက တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီး ပွဲကနေရတယ်။ ဇာတ်ပွဲတစ်ပွဲငှားရင် သုံးညဖျော်ဖြေခ ကျပ်ငါးသိန်းယူတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် အများဆုံးဇာတ်ပွဲကရသည့် မြို့နယ်များမှာ အမ်းမြို့နယ်၊ ကျောက်ဖြူနှင့် မြေပုံမြို့နယ်များဖြစ်သည်။

“အခုလို ရာသီမှာတော့ ကိုယ့်စရိတ်နဲ့ကိုယ် ဇာတ်ပွဲလိုက်ကနေရတာများတယ်။ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသိုနဲ့ တပေါင်းလ အချိန်တွေဆိုရင်တော့ ဘုရားပွဲတွေရှိလာမယ်။ အဲဒီအချိန်ဆို ပွဲငှားသူများတယ်” ဟု အာရီယာန် မိုးချစ်ဇာတ်သဘင်မှ ပိုင်ရှင် ဦးမိုးချစ်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဇာတ်ပွဲမရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် ယခုအချိန်တွင် စိုးရိမ်စိတ်ကင်းစွာဖြင့် လွတ်လပ်စွာ ဇာတ်ပွဲကိုကြည့်ချင်ကြောင်း မြောက်ဦးမြို့မှ မဖြိုးဝေထွန်းက ဆိုသည်။

ယခုနှစ်တွင် ပြန်လည်တည်ထောင်ခဲ့သော ရခိုင်ပြည်မှ ဇာတ်သဘင်များမှာ မင်းပြားမြို့မှ အာရက္ခမဏ္ဏိုင်ခေတ်သစ် ရက္ခိုင်ရိုးရာ ယဉ်ကျေးမှုအဆင့်မြင့်အနုသဘင်၊ အမ်းမြို့မှ ရိုးမရင်သွီးရက္ခိတ ဇာတ်မြူးသဘင်၊ ပုဏ္ဏားကျွန်းမြို့မှ ခိုင်ပြည်ဟိန်းရက္ခိတ အနုသဘင်နှင့် ရိုးမသဇင်သုခုမရင်ခွင် အဆင့်မြင့်အနုသဘင်၊ ကျောက်ဖြူမြို့မှ ရွှေရတာနာစံရက္ခီတ သုခုမသဘင်နှင့် ရွှေခိုင်သဇင်ရခိုင်ရိုးရာယဉ်ကျေးမူသဘင်၊ ကျောက်တော်မြို့မှ အာရိယာန် မိုးချစ်အနုပညာ ယဉ်ကျေးမှုသဘင်၊ စစ်တွေမြို့မှ ပြည်ချစ်လင်း အနုအလှသုခုမသဘင်၊ ပေါက်တောမြို့မှ ရတနာရွှေနန်းအဆင့်မြင့် အနုသဘင်၊ တောင်ကုတ်မြို့မှ ခိုင်ဇာထွန်းအဆင့်မြင့်ဇာတ်သဘင်နှင့် မြောက်ဦးမြို့မှ စိန်ရတနာ အဆင့်မြင့်ပဒေသာသဘင်တို့ဖြစ်ကြသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...