ဆိုင်ကယ်မတော်တဆဖြစ်၍ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူရင်း လူနာ အသက် သေဆုံးသွားခြင်းနှင့်ပတ်သက်၍ ဆေးရုံဖက်မှ တာဝန်လစ်ဟင်းမှုဟု စွပ်စွဲပြောဆိုနေကြခြင်းအပေါ် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် အဆိုပါဆေးရုံ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းက “ဒီနေ့ဒီချိန်ခါမှာ ယာဉ်မတော်တဆနဲ့ ဦးခေါင်းထိပြီး ဆေးရုံကိုရောက်လာတဲ့ လူနာ (၁၀)ယောက်မှာဆိုရင် (၈)ယောက်က အသက်သေဆုံး ပါတယ်။ ကျန်တဲ့ နှစ်ယောက်က ပြန်ကောင်းပါတယ်။ ဒါပေမဲ့ မှတ်ဉာဏ်ပိုင်း၊ ခြေလက်လှုပ်ရှားမှုပိုင်းမှာတော့ မူလအတိုင်း ပြန်မဖြစ်နိုင်ဘူးလို့ တွေ့နေရပါတယ်”ဟု ပြောသည်။
ကလေးမြို့ နည်းပညာတက္ကသိုလ် ပဉ္စမနှစ် ကျောင်းသား ဒါလ်မွန်းမာန်သည် ဇန်နဝါရီ ၂၆ ရက် ည ၁၁ နာရီခွဲခန့်တွင် ဆိုင်ကယ် မတော်တဆမှု ဖြစ်၍ ဦးခေါင်းပိုင်းထိသွားပြီး ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သည်။
ဒါလ်မွန်းမာန် ဆေးရုံစရောက်စ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါက်တာအောင်မျိုးဝင်းက “ည၁၁ နာရီခွဲလောက်မှာ ရဲတွေက လာပို့တယ်။ အဲဒီချိန်မှာ လူနာစောင့် တစ်ဦးတစ်ယောက်မှ မပါခဲ့ပါဘူး။ မြို့မစျေးထိပ်မှာ ဆိုင်ကယ်လဲနေတာနဲ့ လာပို့တယ်လို့ ပြောပါတယ်။ လူနာက စကားလည်း ပြောနိုင်တယ်။ အရက်တော့ သောက်ထားတယ်လို့လည်း သိရတယ်။ လူနာကို ခွဲစိတ်လူနာဆောင်မှာ နေရာချထားပြီးတော့ တာဝန်ကျ လက်ထောက်ဆရာဝန်နဲ့ သူနာပြု ဆရာဝန်များက စစ်ဆေးကုသမှုများ ပေးထားပါတယ်။ စမ်းသပ်စစ်ဆေးချက်အရ အသိစိတ်ရှိ နေသေးတယ်။ သွေးပေါင်ချိန်လည်း ကောင်းပါတယ်။ သွေးနီဥကို စက်နဲ့ချိန်လိုက်တဲ့ အချိန်မှာလည်း သွေးနီဥက မလိုအပ်သေးတဲ့ အခြေအနေမှာရှိပါတယ်။ သွေးအုပ်စုက O သွေးဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု လုပ်မယ်ဆိုရင် ရောဂါရှိမရှိ စစ်ဆေးရပါတယ်။ ခွဲစိတ်ဆရာဝန် ပြောပြချက်အရ လူနာရဲ့ အတွင်းဒဏ်ရာက တော်တော်လေး ပြင်းတယ်လို့ ပြောတယ်”ဟု ပြောသည်။
သူကဆက်ပြီး “ဦးခေါင်းထဲမှာ သွေးယိုနေပေမဲ့ သွေးစစ်ကြည့်လိုက်တော့ သွေးသွင်းဖို့က မလိုသေးဘူးလို့ သိရတယ်။ နေ့ခင်း (၂)နာရီမှာ CT ဓာတ်မှန်ရိုက်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ လူနာဟာ ရရှိဒဏ်ရာက တဖြည်းဖြည်းဆိုးလာပြီး လိုအပ်တဲ့ ဆေးဝါးကုသရင်း (၁) နာရီ ဝန်းကျင်မှာ သေဆုံးခဲ့တယ်”ဟုပြောသည်။
ယာဉ်မတော်တဆဖြစ်ပြီး ဆေးရုံတက်ရောက်ခဲ့ရသည့် ဒါလ်မွန်းမာန်ကို ဆေးကုသပေးမည့် တာဝန်ကျ ဆရာဝန် ဆရာမများ၏ တာဝန်ယူမှုအပိုင်း အားနည်းခဲ့ကြောင်း ဒါလ်မွန်းမာန်ဆေးရုံရောက်ပြီး ပထမဆုံး ပထမဆုံးလာရောက် ကြည့်ရှုသူ Salai Mumung ကပြောသည်။
Salai Mumungက “လူနာရဲ့ဘေးမှာရှိတဲ့ လူတွေက မြင်ဖူးသလိုပဲဆိုပြီး အချင်းချင်း အကြောင်းကြားရင်းနဲ့ ကျွန်တော့်ကို ဖုန်းဆက်တော့ ကျွန်တော်လည်း ဆေးရုံကြီးနဲ့ အနီးဆုံးဆိုတော့ တခါတည်း ဆေးရုံလိုက်ပြေးလိုက်တဲ့ အချိန်က မနက်ကိုးနာရီဆိုတော့ ဝင်ခွင့်မပေးဘူ့း။ တံခါးစောင့်ကတော့ ခွဲစိတ်ခန်းထဲ ဝင်သွားတယ်လို့ပြောတယ်။ ဆေးရုံတွေရဲ့ ပုံမှန်ဝင်ခွင့်ရတဲ့အချိန် (၁၁) ဝန်းကျင်လောက်မှာ။ လူနာကို ကျွန်တော်မြင်တာတော့ ထွေထွေထူးထူး သူ့အတွက် ဘာမှ မလုပ်ထားဘူး ။ ကုတင်မှာပဲ ဒီအတိုင်း ပစ်ထားတယ်။ ဘေးနားက လူနာစောင့်တွေကို အကူအညီတောင်းပြီး သွေးတွေ သုတ်ပေးဖို့ အကူအညီတောင်းတယ်လို့ သိရတယ်”ဟု ပြောသည်။
သူကဆက်ပြီး “ကျွန်တော်သိရတာက ခေါင်းကို ဓာတ်မှန်ရိုက်ဖို့ နေ့လည်နှစ်နာရီထိ စောင့်ခိုင်းတယ်။ ကျွန်တော် ဝင်တဲ့အချိန် ပုလင်းကြီးချိတ်တော့ သိပ်မဝင်နိုင်တော့ဘူး။ ပတ်ဝန်းကျင်ကိုလည်း မေးကြည့်သေးတယ်။ သွေးပေါင်ချိန်ဘယ်လောက်လဲ၊ သွေးလိုနေရင်လည်း ကူညီနိုင်အောင်လို့။ ဆရာဝန်တွေကလည်း အဲဒီအချိန် ဘာမှကို မပြောတာ။ စောင့်ရင်းစောင့်ရင်း အသက် ဆုံးရှုံးသွားတယ်။ ကျွန်တော်ရောက်သွားတဲ့ အချိန်မှာလည်း နားရွက်ကနေ သွေးတွေယိုနေတယ်။ အဲဒီညမှာ တာဝန်ကျတဲ့ အရေးပေါ်ဌာနမှာ တာဝန်ကျတဲ့ သူတွေကို ဝေဖန်ချင်တယ်။ သူတို့ တာဝန်ကျတဲ့အချိန်မှာ ကောင်းကောင်း တာဝန်မယူဘူး”ဟု ပြောသည်။
သေဆုံးသွားသူ ဒါလ်မွန်းမာန်သည် တစ်နိုင်ငံလုံးဆိုင်ရာ ဇိုမီးကျောင်းသားအဖွဲ့ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်သည်။







