ချင်းပြည်နယ်တွင် လောက်နူးမြေ ရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုမ် တောင်ဇလပ်ပန်းပွဲတော်ကို ဇန္နဝါရီ ၂၅ ရက် နံနက် ၉နာရီတွင် ဖွင့်ပွဲပြုလုပ်ပြီး စတင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်ကို ချင်းပြည်နယ်အတွင်းရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး နှင့် လောက်နူးမြေရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး၊ ခေါ်နူးစုမ်တေောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရန် အလေ့အကျင့်ကောင်းများရရှိစေရေး ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
“ကန်ပက်လက်မှာက လူမျိုးစုငါးစုရှိတယ်၊ အဲဒီလူမျိုးစု ငါးစုကလည်း သူတို့ရဲ့ရိုးရာကို ဖော်ထုတ်ချင်တာပေါ့၊ နောက်ပြီးတော့ တောင်ဇလပ်ပန်းက အရမ်းပွင့်နေပြီဆိုတော့ ခရီးသွားလုပ်ငန်းအတွက်ကိုလည်း ပိုပြီးတော့ ဖွံ့ဖြိုးအောင်ဆိုပြီးတော့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က လုပ်ချင်တယ်လို့ပြောလာတဲ့အတွက် ပထမအကြိမ်အနေနဲ့ ကျင်းပဖြစ်တာပါ”ဟု ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။
ချင်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ချင်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်ဒေသခံပြည်သူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပွဲကျင်းပရေးကော်မတီဝင် ဦးကီးဘူက “ဒီပွဲကျင်းပတော့ လူမျိုးနွယ်စု (၅)ခုရဲ့ စည်းလုံးမှုကိုပြနိုင်တယ်ပေါ့၊ ပြီးတော့ ဒီမျိုးနွယ်စု (၅)ခုရဲ့ ရိုးရာတွေ၊ ယဉ်ကျေးမှုတွေ၊ အကတွေ၊ အစားအသောက်တွေ၊ သဘာဝရှုခင်းတွေကို လာတဲ့သူတွေက ကြည့်ရှုခွင့်ရတယ်ပေါ့၊ ဒီနှစ်က ပထမအကြိမ်ဆိုတော့ နောက်နှစ်တွေဆိုရင် ဒီထက်ကြီးကြီးကျယ်ကျယ် ကျင်းပသွားဖို့ရှိပါတယ်”ဟု ပြောသည်။
လောက်နူးမြေ ရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုမ် တောင်ဇလပ်ပန်းပွဲတော်တွင် မွင်း၊ ရာ့၊ ဒါးရင်ဒူး၊ ဒိုင်နှင့် ဥ(ပ်)မူး လူမျိုးများ၏ ယဉ်ကျေးမှုပြခန်းနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့များအား ဖော်ထုတ်ခြင်း အစီအစဉ်များ၊ ခေါ်နူးစုမ်တောင်နှင့် တောင်ဇလပ်ပန်း ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ပြခန်း၊ ကဗျာ၊ ဆောင်းပါးနှင့် စာစီစာကုံး ပြိုင်ပွဲများ၊ ခေါ်နူးစုမ်တောင် တောင်ထိပ်သို့ ခြေလျင်လမ်းလျှောက်ပြိုင်ပွဲ၊ ရိုးရာလုံယူးကျောက်ပျဉ်ပွဲတော် အစီအစဉ်များ နှင့် တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဇန်နဝါရီလ ၂၅ ရက်နှင့် ၂၆ရက်နေ့ နှစ်ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
လောက်နူးမြေ ရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုမ် တောင်ဇလပ်ပန်းပွဲတော် ဖွင့်ပွဲသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးဇိုဘွဲ၊ စည်ပင်နှင့်လျှပ်စစ် ဝန်ကြီး ဦးစိုးထက်၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးဖွေအားနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။







