ဖေဖော်ဝါရီလ(၂၀) ရက်နေ့တွင် ကျင်းပမည့် (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ရိုးရာထိန်းသိမ်းသည့် အနေဖြင့် မြင်းစီးပြိုင်ပွဲကို ချင်းပြည်နယ်၊ ဟားခါးမြို့၌ The Hakha Post မှ ဦးဆောင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
The Hakha Post CEO Lalawmpuia က “ချင်းပြည်သူတွေအားလုံးက မြင်းစီးတဲ့ ရိုးရာကိုပြန်လည်မြှင့်တင်တဲ့အနေနဲ့ ကျင်းပရခြင်းဖြစ်တယ်၊ ပြီးတော့ ချင်းပြည်နယ်က မြင်းတွေကို မြေပြန့်က စျေးချိုချိုသာသာနဲ့လာဝယ်ပြီ အသားသတ်ခုံတွေမှာ တစ်ခြားအသားနဲ့လိမ်ရောင်းတယ်ဆိုတာမျိုးတွေလည်း သိရတယ်။ ဒါကြောင့် မြင်းရဲ့ တန်ဖိုးကို ပြန်လည်မြှင့်တင်ပြီး ချင်းတွေရဲ့ မြင်းစီးတဲ့ဓလေ့ကို ပြန်လည် ဖော်ထုတ်ချင်တာလည်းပါတယ်။ ကျွန်တော်တို့မြင်းစီးပြိုင်ပွဲလုပ်ခြင်းအားဖြင့် မြင်း တစ်ကောင် ၃ သိန်းကနေ ၆ သိန်းထိတက်လာတယ်၊ မြင်းရဲ့တန်ဖိုးပြန်ရှိလာတယ်။ အဲဒါတွေကို ထိန်းသိမ်းဖို့ ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ ချင်းလူမျိုးများ၏ မြင်းအသုံးပြုခဲ့သည့် ဓလေ့ကို ပြန်လည်ဖော်ကျူးသည့် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့် ချင်းအမျိုးသားနေ့တွင်လည်း The Hakha Post မှ တာဝန်ယူကျင်းပခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှလည်း ရန်ပုံငွေထောက်ပံ့မှုဖြင့် ကူညီပေးခဲ့ကြောင်း ပွဲစီစဉ်ဦးဆောင်သူ ဆလိုင်းဇဗျက်ထောင်းကပြောသည်။
သူက “မနှစ်တုန်းကလည်း ကျွန်တော်တို့ ဟားခါးမြို့မှာ ပထမအကြိမ် ကျင်းပပြီးပြီ၊ အခုလည်း ပြိုင်ပွဲဝင်ဖို့ စာရင်းသွင်းတဲ့သူ ရှိပြီ၊ နောက်နောင်လည်း ရိုးရာထိန်းသိမ်းသည့် အနေနဲ့ ဆက်လက်ကျင်းပမယ်၊ ဒီမြင်းစီးပြိုင်ပွဲမှာ ဒုန်းဆီးအပြေးပြိုင်စု၊ အလှစီးဆုစသည်ဖြင့် ဆုငွေပေးသွားမယ်၊ ချင်းပြည်နယ်က ဘယ်သူမဆို ဝင်ပြိုင်လို့ရတယ်” ဟု ပြောသည်။
သူကဆက်ပြီး ယခင်က လမ်းပန်းဆက်သွယ်ရေး၊ ကုန်များသယ်ဆောင်ရေးများအတွက် ချင်းလူမျိုးများအနေဖြင့် မြင်းကိုအသုံးပြုခဲ့သော်လည်း ယခုအခါ မြင်းအသုံးပြုမှုနည်းလာသဖြင့် မြင်းများလည်း ရှားပါးလာကြောင်း ပြောသည်။
မြင်းစီးပြိုင်ပွဲတစ်ခုစီတိုင်းတွင် ပထမဆု ၃ သိန်း၊ ဒုတိယဆု ၂ သိန်း၊ တတိယဆု ၁ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။







