ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် စစ်ပွဲများဖြစ်ပွားနေပြီး နယ်မြေလုံခြုံမှု မရှိမှုကြောင့် ကျောင်းဆရာ/ဆရာမများ အပြောင်းရွေ့တင်နေကြကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူး ဦးမျိုးမင်းထံမှ သိရသည်။
ပလက်ဝမြို့နယ် ပညာရေးမှူး ဦးမျိုးမင်းက “ဒီဒေသဖက်မှာက ကျောင်းကလည်း များတယ်ဆိုတော့ ကျောင်းဆရာ ဆရာမ အင်အားကလည်း အများကြီးလိုအပ်နေသေးတယ်။ ကျောင်းဆရာ/ဆရာမ အင်အားကို ဖြည့်တော့ ဖြည့်နေပေမဲ့ အများကြီး လိုအပ်နေသေးတယ် တချို့ကျောင်းတွေဆိုရင် ဆရာတစ်ယောက်ထဲ ရှိတဲ့ ကျောင်းတွေ တော်တော်များတယ်။ နောက်ပြီး နယ်မြေမလုံခြုံမှုကို စိုးရိမ်လို့ ကျောင်းဆရာ/ဆရာမတွေက အပြောင်းရွေ့တွေ တင်ကြတယ် သူတို့မြို့နယ်တွေမှာ ပြန်ဖို့ အပြောင်းရွေ့တွေ တင်ကျတယ်”ဟုပြောသည်။
ပလက်ဝမြို့နယ်ရှိ ဌာနဆိုင်ရာများထဲတွင် ပညာရေးဌာနမှ ဝန်ထမ်းများမှာ အထူးသဖြင့် လိုအပ်နေပြီး ပလက်ဝမြို့နယ်တွင် ပညာရေးပိုင်းမှ တာဝန်ကျလာသည့် ဆရာ/ဆရာမ များမှာ ဒေသမငြိမ်ခြမ်း မှုများကြောင့် တာဝန်ကျဒေသများတွင် မသွားရဲကြောင်း ဒေသခံဦးဘူထန်ပိုင် ကပြောသည်။
“ကျွန်တော်က သံတောင်ဖက်ခြမ်းကဆိုတော့ သံထောင်ဖက် ခြမ်းမှာဆိုရင် ကျောင်းဆရာ/ဆရာမ ရှိတဲ့ ရွာကရှားရှားပါးပါးဖြစ်တယ် မချပေးတာတော့ မဟုတ်ဘူး မသွားရဲကြဘူး အတင်းအဓမ္မသွားခိုင်းရင်လည်း သူတို့တစ်ခုခုဖြစ်သွားရင် ဘယ်သူမှ မတတ်နိုင်ဘူး ဌာနပိုင်းကလည်း အတင်းအဓမ္မမသွားခိုင်းလောက်ဘူး ထင်တယ်၊ ဒေသအချို့က အန္တရာယ်ရှိလို့ မသွားတဲ့သူတွေ လည်း ရှိမယ် ကျွန်တော်သိသလောက် တချို့က ပလက်ဝမြို့နယ် ဖြစ်တဲ့အတွက် အဲဒါကို အကြောင်းပြပြီး အခွင့်ကောင်းယူပြီး မှ လုံခြုံရဲ့သားနဲ့ မသွားတဲ့ ဟာတွေလည်း အများကြီးရှိတယ်”ဟု ဦးဘူထန်ပိုင်မှ ပြောသည်။
ပလက်ဝမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း (၃၈၄) ကျောင်းရှိသော်လည်း သင်ကြားပေးမည့် ဆရာ/ဆရာမများ မရှိသည့်အတွက် ၂၀၁၉ ခုနှစ်တွင် ကျောင်းပေါင်း ၂၁၂ ကျောင်းပိတ်ထားရကြောင်း သိရသည်။
ဒေသခံ ကျောင်းဆရာ အောင်စိုးထိုက်က “ပလက်ဝမြို့နယ် အနီးမှာရှိတဲ့ ကျောင်းတော်တော်များများမှာ ကျောင်းဖွင့်တယ် ဆိုပေမဲ့ ကျောင်းပိတ်တာနဲ့ အတူတူဘဲဖြစ်နေတယ်။ ဒေသလုံခြုံမှုမရှိတဲ့ အခါကျတော့ ကျောင်းအချိန်မှာ ပုံမှန်ကျောင်းမဖွင့်တာ များတယ် ဒီဒေသဖက်မှာ တာဝန်ကျတဲ့ ကျောင်းဆရာ/ဆရာမ တွေကလည်း ဒီကိုလာဖို့ ကြောက်ကြတော့ မလာရဲကြတော့ဘူး”ဟုပြောသည်။
ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်AAအဖွဲ့နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်လာပြီး စစ်မြေပြင်မှာ ပိုမိုကျယ်ပြန့်လာကာ ဒေသတော်တော်များမှာ လုံခြုံစိတ်ချမှု မရှိတော့သည့်ပြင် ပလက်ဝမြို့နယ်တွင် အစိုးရဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်မှုများ ရှိလာကြောင်းလည်း သိရသည်။







