ချင်းပြည်နယ် မြို့နယ်များ၏ ထွေ/အုပ်နှင့် လဝက ကြား လူဦးရေစာရင်း ကွာဟမှုများရှိသည့်အနက် မတူပီမြို့နယ်နှင့် ထန်တလန်မြို့နယ်တွင် ကွာဟမှု အဆိုးဆုံးဖြစ်ကာ ဟားခါးမြို့နယ်တွင်မူ အခြားမြို့နယ်နှင့်မတူဘဲ ထွေအုပ်စာရင်းတွင် လူဦးရေစာရင်းနည်းပြီး လဝကတွင် လူဦးရေပိုများနေကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်းကပြောသည်။
“ချင်းပြည်နယ်မှာ တခြားမြို့နယ်တွေက ထွေအုပ်စာရင်းနဲ့ လဝကစာရင်းမှာ ကွာဟမှုပိုင်းမှာ ဒီလောက်မဆိုးဘူး။ မတူပီနဲ့ ထန်တလန်ကထွေအုပ်နဲ့ လဝကမှာ လူဦးရေ ခုနှစ်ထောင်လောက် ကွာဟနေတယ်။ ထွေအုပ်စာရင်းမှာတော့ ငါးသောင်းငါးထောင် နီးပါးရှိတယ် ။ လဝကစာရင်းမှာက လေးသောင်းရှစ်ထောင်နီးပါးဘဲ ရှိတယ်။ ခုနှစ်ထောင်နီးပါး ကွာဟနေတယ်” ဟု ဦးအောင်လျန်းက ပြောသည်။
သူကဆက်ပြီး “ချင်းပြည်နယ် တစ်ခုလုံးမှာ ဟားခါးမြို့ ထွေအုပ်စာရင်းမှာက ငါးသောင်းလေးထောင်ရှိတယ်။ လဝကစာရင်းမှာ ခြောက်သောင်းကျော်ဆိုတော့ ရှစ်ထောင်ကျော်က များနေတယ်။ ဘာကြောင့် လဝက စာရင်းက များနေရတာလဲ ။ အသေအပျောက်တွေ၊ အပြောင်းအရွေ့တွေကို စာရင်းမှာ မပယ်ဖျက်ထားဘူးလား။ ဒါမှမဟုတ် လဝက ကဒီဟာကို သေချာမလုပ်ပဲနဲ့ ရာခိုင်နှုန်းနဲ့ တွက်ပြီးတော့ ဒီနှစ်ကို ဟိုမြို့နယ်မှာ လူဦးရေ ဘယ်လောက်တိုးမယ် ဆိုပြီးပေါင်းထည့် လိုက်တာလား။ ဒါကိုစိစစ်ဖို့လိုတယ်။ ထွေအုပ်စာရင်းက မြေပြင်က လူဦးရေစာရင်းပဲဖြစ်တယ်။ လဝက စာရင်းမှာက ပုံမှန်စာရင်းမှန်က စာအုပ်မှာပဲရှိတယ် ဆိုရင်တော့ ဟားခါးမြို့နယ် တစ်ခုက နည်းနည်း ထူးဆန်းနေတယ်”ဟုပြောသည်။
ထိုသို့ မြို့နယ်အလိုက် ထွေ/အုပ်နှင့် လဝက အကြားလူဦးရေစာရင်းကွာဟမှုအပြင် ဟားခါးမြို့နယ်တွင်မူ လဝက မှ ပြုစုသည့် လူဦးရေစားရင်းပိုများနေမှုအပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်မှ သက်ဆိုင်ရာဌာနသို့ မေးခွန်းမေးမြန်းခဲ့ပြီး သက်ဆိုင်ရာဌာနမှ ပြန်လည်စိစစ်မည်ဟု ပြန်လည်ဖြေကြားခဲ့သည်ဟု ဦးအောင်လျန်းကပြောသည်။
ဟားခါးမြို့နယ် လဝက ခရိုင်မှုး ဦးသိန်းဇော်က “ဟားခါးခရိုင်မှာ ဟားခါးမြို့နယ်နဲ့ ထန်တလန်မှာရော ရပ်ကွက်တွေမှာဆင်းပြီးတော့ ရွာတွေမှာရော အိမ်တွေမှာ သွားပြီးတော့ အဆောက်အဦးမှတ်တမ်းတင်တာတို့ မြေပုံရေးဆွဲတာတို့ လူဦးရေစာရင်း စစ်ဆေးတာတို့ အဲဒါကို အခုပြန်လုပ်နေတယ်”ဟုပြောသည်။
ထိုသို့ လူဦးရေစာရင်းကွာဟမှုကြောင့် နောင်လာမည့် အိမ်ထောင်စု အခွင့်အရေးများ၊ မြို့ပြအိမ်ရာ စီမံကိန်းများ၊ ကျေးလက်အိမ်ရာ စီမံကိန်းများ၊ ဒေသချေးငွေများ၊ ရန်ပုံငွေပံ့ပိုး ကူညီမှုများတွင် လူဦးရေအရသော်လည်းကောင်း အိမ်ထောင်စုများကို အခြေခံပြီး စီမံချက်များရေးဆွဲရာတွင် အခွင့်အရေးဆုံးရှုံး မှုရှိနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လျန်းကထောက်ပြသည်။
ဦးအောင်လျန်းက “ဒီအစိုးရ သက်တမ်းမှာ အိမ်ထောင်စုကို အခြေခံပြီး စီမံကိန်းရေးဆွဲတာတို့ ဖြစ်လာတယ်။ ရှိလာနိုင်တဲ့ စီမံကိန်းမှာ အခွင့်ရေးတွေ ဆုံးရှုံးနိုင်တယ်။ အဓိက ကွာဟချက်က ကျန်းမာရေးနဲ့ လဝက ကအချိတ်အဆက်မရှိဘူး။ ဆရာဝန်က မွေးစာရင်းကို ထွေအုပ်မှာတော့ သွားသွင်းလိုက်တယ်။ ဒါပေမဲ့ အိမ်ထောင်စု ပုံစံတစ်ဆယ်မှာ မွေးစာရင်းတွေမပါဘူး။ တရားဝင်မထည့်ထားဘူး။ လဝက ဦးစီးဌာနမှာ သူကိုယ်တိုင် ဒီလိုမွေးပါတယ် ဆိုတဲ့ မွေးစာရင်းထုတ်ပေးတဲ့ ကဒ်ကို စာရင်းသွင်းမှသာ တရားဝင်မှာ ဖြစ်တဲ့ အတွက်ကြောင့် အချိတ်အဆက်က နည်းနည်း အားနည်းသွားတာ” ဟုပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဖလမ်းမြို့နယ်မှ သတ်မှတ်လူဦးရေမပြည့်မီသဖြင့် အမျိုးသားလွှတ်တော်တစ်နေရာ ဆုံးရှုံးခဲ့ပြီး အဆိုပါ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် မတူပီမြို့နယ်နှင့် ဟားခါးမြို့နယ်တွင် အမျိုးသားလွှတ်တော်တစ်နေရာအတွက် မတူပီမြို့နယ်တွင် ထွေအုပ်စာရင်းအရ ဟားခါးမြို့နယ်ထက် လူဦးရေစာရင်းပိုများသော်လည်း ဟားခါးမြို့တွင်မူ ထွေအုပ်စာရင်းထက် လဝကစာရင်းတွင် လူဦးရေးပိုများခြင်းကြောင့် ရွေးကောက်ပွဲဥပဒေအရ လဝက စာရင်းကို အခြေခံထားသဖြင့် အမျိုးသားလွှတ်တော်တစ်နေရာကို ဟားခါးမြို့မှရရှိခဲ့သည်။







