တပ်မတော်နှင့် AA စစ်ရေးကိစ္စရင်ဆိုင်မှုများ ကျေးရွာတွင်းမဝင်ရန် တောင်းဆို

တပ်မတော်နှင့် AA စစ်ရေးကိစ္စရင်ဆိုင်မှုများ ကျေးရွာတွင်းမဝင်ရန် တောင်းဆို

ပလက်ဝမြို့နယ်ရှိ ကျေးရွာများတွင် မြန်မာ့တပ်မတော်အဖွဲ့နှင့် AAအဖွဲ့ တို့အနေဖြင့် စစ်ရေးကိစ္စ ရင်ဆိုင်မှုများတွင် ကျေးရွာများအတွင်း မဝင်ရန် Khumi Affairs Coordination Council (KACC) ပြောရေးဆိုခွင့်ရှိသူ ဦးစောမြက တောင်းဆိုလိုက်သည်။

KACC ပြောရေးဆိုခွင့်ရှိသူဦးစောမြက “ကျွန်တော်အဓိကပြောချင်တာကတော့ အေအေတွေအနေနဲ့ ရွာထဲကိုဝင်တဲ့ကိစ္စပဲဖြစ်တယ်။ ရွာထဲကိုဝင်ရင်ပြသနာတစ်စုံတစ်ခုကတော့ဖြစ်နေမှာပဲ။ သူတို့ပြောတာက သတင်းပေးတွေရွာထဲမှာရောက်လာတယ်လို့ပြောတယ်။ သူတို့ပြောတဲ့ပုံစံက ရွာကနေ တစ်ခြားဒေသကိုသွားနေတဲ့ ရွာသားတွေကိုယ့်ရွာကိုပြန်လာတဲ့သူမှန်သမျှက သတင်းပေးလိုလိုသက်ရောက်နေတယ်။ ဒါက အဓိပ္ပါယ်မရှိဘူးလေ”ဟုပြောသည်။

သူကဆက်ပြီး “အေအေဖက်က ပလက်ဝမြို့နယ်တွင်း ကျူးလွန်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့ငြင်းဆိုထားတယ်။ မြန်မာ့တပ်မတော်ဖက်ကလည်း ငြင်းဆိုထားတယ်။ မြန်မာတပ်မတော်ဖက်က ငြင်းဆိုတဲ့ကိစ္စမှာတော့ ဘာမှမပြောလိုဘူး။ သူတို့ဘယ်လောက်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသလဲဆိုတာ သူတို့အသိဆုံးပဲဖြစ်မှာ”ဟုပြောသည်။

ပလက်ဝမြို့နယ် ကျီးလေရွာ ဒေသခံ အယောက် (၁၀၀) ကျော်ကို AAတပ်မတော်အဖွဲ့မှ ဇန်နဝါရီလ (၈)ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံဒေသခံ အချို့ကိုလည်း စစ်ဆေး၊ မေးမြန်းစဉ် ရိုက်နှက် ခဲ့ကြောင်းကိုလည်း AA ဖက်မှ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် ဝန်ခံခဲ့သည်။

ဦးစောမြက “အေအေဖက်က ရွာသားတွေကိုနှိပ်စက်တဲ့ တပ်သားတွေကို အရေးယူတယ်ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘာမှ သက်သေနဲ့အမှန်တရားကိုမတွေ့ရဘူးလေ။ ဒါကြောင့် အဓိကပြောချင်တာကတော့ ရွာထဲကိုမဝင်ကြဖို့ကိုပြောချင်တာဖြစ်တယ်။ ကျွန်တော်ဆိုရင် ဘယ်လိုခံစားရလဲဆိုတော့ ကျွန်တော့် တို့လူမျိုးနဲ့ကျွန်တော်တို့ဒေသကို ပစ်မှတ်ထားတယ်လို့ပဲခံစားလာရတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း (၄၀၀)ကျော် တည်ရှိပြီး ဒေသခံ အများစုမှာ လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖမ်းဆီးခံရမည်ကို ကြောက်၍ နေရပ်မပြန်သူ များစွာရှိလာကြောင်းကိုလည်း ချင်းအရပ်ဖက် အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးစောမြက “တစ်ချို့ကပြောတယ်။ ကျွန်တော်တို့အဖွဲ့အစည်းက စစ်တပ်ရဲ့ကျောထောက်နောက်ခံတဲ့။ ဘာမှမဆိုင်ဘူး။ အခုချိန်ထိ ဘယ်စစ်ဗိုလ်နဲ့မှလည်း စကားမပြောဖူးဘူး။ သူတို့ကလည်း ကျွန်တော်တို့လိုအဖွဲ့နဲ့လက်တွဲဖို့ ဘယ်နည်းနဲ့မှ စဉ်းစားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့က လွတ်လပ်စွာနဲ့ပဲ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ကိစ္စတွေကို ပြောနေတာဖြစ်တယ်။ အဲလိုပြောလို့ ဖုန်းနဲ့ဖြစ်ဖြစ် ခြိမ်းခြောက်တာတွေကိုတော့ ကြုံရတယ်။ ခူးမီး(ချင်း) မှာက မျိုးနွယ်စုကွဲတွေရှိသေးတယ်။ အဲဒီကြားမှာ ပြဿနာတွေဖြစ်ရင် ညှိနှိုင်းပေးဖို့ ရည်ရွယ်ချက်သက်သက်နဲ့ထူထောင်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်” ဟုပြောသည်။

ပလက်ဝမြို့နယ် ကျီးလေရွာတွင် ဇန်နဝါရီလ(၁၃) ရက်နေ့တွင် AAတပ်ဖွဲ့ဝင်များမှ ဒေသခံရွာသားများကို စုခေါ်ပြီး AA တပ်ဖွဲ့အနေဖြင့် ရွာသားများကို ရိုက်နှက်ခြင်း မပြုလုပ်တော့မည့်ကြောင်းနှင့် ဖမ်းဆီးခဲ့သည့် ချင်းအမျိုးသမီးများကိုလည်း လိင်ပိုင်း အကြမ်းမဖက်ခဲ့ကြောင်း ရှင်းပြခဲ့သော်လည်း ဒေသခံများ အနေဖြင့် လက်ရှိအချိန်ထိ စိုးရိမ်နေရဆဲ ဖြစ်ကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...