ကုလားတန်မြစ်ကူးတံတားတည်ဆောက်မှု AA နှောက်ယှက်မှုကြောင့် လုပ်ငန်းမပြီးစီးသဖြင့် သတ်မှတ်ကာလအတွင်း ဖွင့်လှစ်နိုင်မည်မဟုတ်

ကုလားတန်မြစ်ကူးတံတားတည်ဆောက်မှု AA နှောက်ယှက်မှုကြောင့် လုပ်ငန်းမပြီးစီးသဖြင့် သတ်မှတ်ကာလအတွင်း ဖွင့်လှစ်နိုင်မည်မဟုတ်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်ပေါ်တွင် တည်ဆောက်နေသည့် ကုလားတန်မြစ်ကူးတံတားအား ယခုနှစ် ချင်းအမျိုးသားနေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း ရက္ခိုင့်တပ်မတော် (AA) ၏လုပ်ငန်းနှောင်ယှက်မှုများကြောင့် အချိန်မီ လုပ်ငန်းမပြီးစီးနိုင်သဖြင့် ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်ကပြောသည်။

“ပလက်ဝတံတားကတော့ သံဘောင်တွေသယ်တဲ့နေရာမှာ AA ကနှောက်ယှက်တာတွေဖြစ်တယ်၊ နောက်ပြီးတော့ မီးရှို့လိုက်တယ်။ ပထမအကြိမ်၊ ဒုတိယအကြိမ်နှောက်ယှက်ပစ်ခတ်တယ်။ လက်နက်ကြီးနဲ့ပစ်တယ် အဲလိုမျိုးတွေကြောင့် သတ်မှတ်တဲ့ရက်ကို ပစ္စည်းအရောက်မပို့နိုင်ဘူး၊၂၀၂၀ ဖေဖော်ဝါရီ ၂၀ ဖွင့်ပွဲလုပ်မယ်၊ ချင်းအမျိုးသားနေ့မှာလုပ်ဖို့မှန်းထားပေမယ့် Targeting Out သွားပြီ”ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအား သတ်မှတ်ထားသည့်အချိန်တွင် ပြီးစီးနိုင်ခြင်းမရှိသော်လည်း ယခုနှစ်အတွင်းတွင် ပြီးစီးနိုင်ရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးစိုးထက်မှ ဆက်ပြောသည်။

ပလက်ဝမြို့ ဒေသခံ ဦးကျော်အောင်မှ “ဘယ်လိုဖြစ်ဖြစ် စိတ်မကောင်းဘူးပေါ့ဗျာ၊ အစိုးရကလည်း ကြိုးစားနေတဲ့ အချိန်ကာလဖြစ်တယ်၊ လူထုတွေကလည်း စိတ်ဝင်စားနေတဲ့အရာလည်းဖြစ်တယ်၊ ဒါပေမယ့် မမျှော်လင့်ပဲနဲ့ နိင်ငံရေးပဋိပက္ခကြောင့်မှန်းတဲ့အတိုင်းဖြစ်မလာဘူး၊ စိတ်မကောင်းဘူးကလွဲလို့ဘာမှတော့မရှိတော့ဘူး၊ မပြီးနိုင်တဲ့အတွက် လမ်းပမ်းဆက်သွယ်ရေးလည်းအတွက်လည်း နှောင့်နှေးတဲ့အရာတစ်ခုဖြစ်တယ်လို့လည်းလူထုအနေနဲ့ပြောချင်ပါတယ်”ဟု ပြောသည်။

ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းတွင် အနှောက်အယှက်မရှိပဲ ပစ္စည်းများ အချိန်မီရောက်ရှိပြီး လုပ်ငန်းပုံမှန်လည်ပတ်နိုင်ပါက သတ်မှတ်ကာလတွင်ပြီးစီးနိုင်မည်ဟု ပြည်နယ်အစိုးရအဖွဲ့မှ ပြောဆိုထားသည်။

ရက္ခိုင့်တပ်မတော် (AA) မှပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ဖွံ့ဖြိုးရေးလုပ်ငန်းကို တမင်နှောက်ယှက်ခြင်းမဟုတ်ပဲ ဒေသဖွံ့ဖြိုးရေးကို မိမိတို့မှလည်း လိုလားကြောင်း ချင်းဝေါလ်သတင်းဌာနမှ မေးမြန်းရာတွင် ဖြေကြားခဲ့သည်။

ပလက်ဝမြို့ပေါ်တွင် နေထိုင်သူ အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှ “ကုလာတန် မြစ်ကူးတံတား ဆောက်လုပ်တာ မပြီးနိုင်ဘူးဆိုတော့ ကျွန်တော်တို့က လမ်းပမ်းဆက်သွယ်ရေး သွားလာတာတွေရှိတယ်၊ ဥပမာ ရေလမ်းနဲ့သွားတာထက် ကုန်းလမ်းနဲ့သွားတာက ပိုမြန်တယ်၊ အခုအဆင်မပြေနိုင်တဲ့အတွက်ကြောင့် အခက်ခဲရှိတယ်၊အခုဒီတံတားသာ ပြီးသွားမယ်ဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်ဘက်ကနေ ထွက်တာ မဟုတ်ဘဲနဲ့ မတူပီဘက်တို့ဘာတို့ ကနေသွားဖို့ပိုအဆင်ပြေလာမှာပေါ့”ဟု ပြောသည်။

ပလက်ဝမြို့နယ်အတွင်း သက်ဆိုင်ရာအာဏာပိုင်များမှ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပြီး သတ်မှတ်ရက် ကုန်ဆုံးပြီဖြစ်သော်လည်း နောက်ထပ် (၂) လထပ်မံ တိုးမြှင့်ကြောင်း ဇန်နဝါရီလ (၉) ရက်နေ့က ဆက်လက်ထုတ်ပြန်ခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...