By မိုးကျော် – ချင်း (မီဇိုး) လူမျိူးများ၏ Chapchar Kut ရိုးရာပွဲတော်ကို လာမည့် ဧပြီလ (၁၀ – ၁၁) ရက်နေ့များတွင် ကလေးမြို့နယ်၊ တာဟန်းတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပကြမည်ဟုသိရသည်။
အဆိုပါပွဲတော်တွင် ဧည့်တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချူပ် ပူးဇိုးရမ်းထန်းငါနှင့် ယဉ်ကျေးမှုဆိုင်ရာဝန်ကြီး ပူး လာလ်းဇီးလျန်နာတို့ကို ဖိတ်ကြားထားသည်ဟုသိရသည်။
တာဟန်းအခြေစိုက် Seven Cable Network မှ ၂၀၁၇ ခုနှစ်ကတည်းက ပြုလုပ်လာခဲ့သော Chapchar Kut Miss အလှမယ်ရွေးချယ်ခြင်းကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည့်အပြင် ရိုးရာနပန်းပြိုင်ပွဲကိုလည်း ပြုလုပ်သွားမည်ဟုသိရသည်။
ညဘက်တွင် ယဉ်ကျေးမှုအကနှင့် တေးဂီတဖျော်ဖြေရေးအစီစဉ်များလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပ အဆိုတော်များကိုလည်း ဖိတ်ကြားသွားမည်ဟုသိရသည်။
တာဟန်းတွင်ပြုလုပ်ကျင်းပမည့် Chapchar Kut ပွဲတော်ကြီးတွင် မီဇိုရမ်ပြည်နယ်ရှိ Zonunsang Handloom မှ ရိုးရာအထည်များအား ရောင်းချသွားမည်ဟုလည်း ထပ်မံသိရသည်။
မီဇိုးရိုးရာနပန်းပြိုင်ပွဲကို ဧပြီလ (၈) ရက်နေ့မှစ၍ ပြုလုပ်သွားမည်ဖြစ်ပြီး Palian (အကြီးတန်း) ပထမဆု ကျပ်ငွေ (၅) သိန်း၊ ဒုတိယဆု ကျပ်ငွေ (၂) သိန်းခွဲ၊ Palaihawl (အလတ်တန်းစာ) ပထမဆု ကျပ်ငွေ (၄) သိန်း နှင့် ဒုတိယဆု ကျပ်ငွေ (၂) သိန်း၊ Pate (အငယ်တန်း) ပထမဆု ကျပ်ငွေ (၃) သိန်းခွဲနှင့် ဒုတိယဆု (၁၇၅၀၀၀) စသည်ဖြင့် အသီးသီး ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။
Chapchar Kut ပွဲတော်ကို မီဇိုရမ်ပြည်နယ်၏မြို့တော်၊ အိုင်ဇောလ်မြို့တွင်လည်း ဖေဖော်ဝါရီလ (၂၈) ရက်နေ့နှင့် မတ်လ (၁) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။







