ရှေ့နေအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေး မရေမရာဖြစ်နေ

ရှေ့နေအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေး မရေမရာဖြစ်နေ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည် မရေမရာဖြစ်နေကြောင်း သိရသည်။

မဇ္ဈိမက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့နှင့် နီးစပ်သူများကို ဆက်သွယ်မေးမြန်းရာတွင် ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အစီအစဉ် မရှိသေးသလို စစ်အုပ်စုကလည်း ခွင့်မပြုသေးကြောင်း သိရသည်။

ရှေ့နေအဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုကိစ္စများ ဆွေးနွေးနိုင်ရန် တွေ့ဆုံခွင့်ပြုရေး စစ်အုပ်စုထံ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး အကြိမ်ကြိမ် စာဖြင့် တင်ပြတောင်းဆိုနေခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ငါးလခန့်ကလည်း တွေ့ဆုံခွင့်ရရန် ထပ်မံတင်ပြထားသော်လည်း လက်ရှိအချိန်ထိ “ဘာမှ အကြောင်းမပြန်ဘူး” ဟု ဆိုသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည် စစ်အုပ်စု ခွင့်ပြုမှသာ တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူ နောက်တဦးကလည်း ပြောသည်။

“တွေ့လို့လည်း မရဘူးလေ။ ဟိုတုန်းတည်းက တွေ့လို့မရတဲ့ ကိစ္စကြီး။ သူက (စစ်အုပ်စု) တွေ့ခွင့်ပြုမှ တွေ့လို့ရမယ့် ကိစ္စကြီးကို ဘယ်လိုလုပ် ကိုယ့်သဘောနဲ့ ကိုယ်သွားတွေ့လို့ ရမလဲ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်များကို “သတ်မှတ်ထားသည့် နေအိမ်” ၌ ဆက်လက်ကျခံရန် ပြောင်းလဲသတ်မှတ်ကြောင်း ဧပြီလ ၃၀ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သော်လည်း ရှေ့နေအဖွဲ့ထံ သီးသန့်အကြောင်းကြားခြင်း မရှိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာတွင် ထားရှိသည်ကိုပင် မသိရသေးကြောင်းလည်း ပြောသည်။

တဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ ရှေ့နေအဖွဲ့က လာမည့် တနင်္ဂနွေနေ့တွင် သွားရောက်တွေ့ဆုံရန် စီစဉ်ထားကြောင်း ရှေ့နေအဖွဲ့ဝင်တဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ သို့သော် မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည့် တရားရုံးနှင့် နီးစပ်သူ နှစ်ဦးကမူ ယင်းကိစ္စအပေါ် ငြင်းဆိုထားသည်။

အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲခဲ့သည့် အမှုများ အမိန့်ချမှတ်ပြီးသည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ရှေ့နေအဖွဲ့နှင့် တွေ့ခွင့်မပေးတော့ခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမှုပေါင်း ၁၉ မှုဖြင့် စွပ်စွဲခံခဲ့ရပြီး စုစုပေါင်း ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ထောင်ဒဏ် နှစ်နှစ်၊ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ထောင်ဒဏ် ခြောက်နှစ် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ချမှတ်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့နှင့် ဧပြီလ ၃၀ ရက်တို့တွင် ပြစ်ဒဏ် ခြောက်ပုံတပုံ လျှော့သည့်အထဲ ပါဝင်ခဲ့သည့်အတွက် လက်ရှိတွင် ထောင်ဒဏ် ၁၈ နှစ် ကိုးလ ဆက်လက်ချမှတ်ခံထားရကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အုပ်စုထံ “ဓားစာခံအဖြစ် ရှိနေဆဲ” ဖြစ်ကြောင်း၊ အသက်ရှင်နေသေးပါက သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကလည်း တောင်းဆိုလျက်ရှိသည်။

Most read this week

ဓာတ်ပုံ - CJ
August 11, 2026
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာကို စစ်တပ်က ယနေ့ (ဩဂုတ်လ ၁၁ ရက်)...
August 11, 2026
အာဇာနည်ခေါင်းဆောင် ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ကို မြှုပ်နှံထားသည့် သမိုင်းဝင် တာမွေ အစ္စလာမ်...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့သို့ ကားလိုင်းများ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သော်လည်း...
ဓါတ်ပုံ - (CJ) (စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံမှုအခြေအနေများနှင့် တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အကူအညီပေးမှု မှတ်တမ်းပုံ။
August 10, 2026
စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ...