ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရားများပြန်လည်ပတ်နိုင်ရေး အတွက် Non-CDM ဝန်ထမ်းကို ဖလမ်းမြို့သို့ စေလွှတ်နေကြောင်း သိရသည်။
ဖလမ်းငြိမ်းချမ်းရေးကော်မတီအမည်ဖြင့် CDM နှင့် Non-CDM များအကြား အချင်းချင်း သင့်မြတ်ခြင်း ရှိရန်အပါအဝင် နေရပ်ပြန်ရေး မေတ္တာရပ်ခံချက်တစ်ရပ် ထွက်ပေါ်လာပြီးနောက် ကလေးမြို့တွင်နေထိုင်ကြသော ဖလမ်းမြို့မှ Non-CDM ဝန်ထမ်းများနေရပ်ပြန်လာကြခြင်းဖြစ်သည်ဟုသိရသည်။
“ သူတို့ ဝန်ထမ်းတွေကို ပြန်လာခိုင်းတဲ့သဘောပါ။ ဘယ်သူတွေပါလဲတော့မသိဘူးဗျ။ ဒီနေ့ သူတို့ ဖလမ်းကို တက်လာ တယ်။ အခုလက်ရှိ သူတို့က ဒီရွေးတုလက်အောက်မှာ လုပ်နေတဲ့ ဝန်ထမ်းတွေဆိုတော့ သူတို့ရဲ့ အစိုးရရဲ့ ပြောစကား ကိုနားထောင်ပြီး ပြန်ခိုင်းလို့ ပြန်လာတဲ့ သဘောပါ" ဟု ဖလမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ကလေးမြို့တွင်နေထိုင်ကြသော ဖလမ်းမြို့မှ Non-CDM ဝန်ထမ်း ၁၀၀ ကျော်သည် ယနေ့မေလ ၆ ရက်နေ့မနက်ပိုင်းတွင် ကား၊ ဆိုင်ကယ်များဖြင့် ကလေး-သိုင်းငင်းလမ်းမကြီးအတိုင်း ဖလမ်းမြို့သို့ထွက်ခွါသွားကြသည်ဟုသိရသည်။
အာဏာသိမ်းစစ်တပ်သည် ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသော ဖလမ်းမြို့ကို မြေပြင် နဲ့ လေ ကြောင်း၊ လက်နက်ခဲယမ်းသာလွန်အင်အားဖြင့် ၇ လနီးပါးအကြာ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ပြီး ၁၀ ရက်အကြာတွင် ယခုကဲ့သို့ ဌာနဆိုင်ရာ ဝန်ထမ်းများ နေရပ်ပြန်လာ ကြခြင်း ဖြစ်သည်။
ဖလမ်းငြိမ်းချမ်းရေးကော်မတီကလည်း မေလ ၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး နေရပ်ပြန်လာသူများအကြား အမုန်းပွားခြင်းနှင့် လက်စားချေခြင်းများ မပြုလုပ်ရန် အဓိကထား တိုက်တွန်းထားပြီး၊ CDM နှင့် Non-CDM များအကြား အပြန်အလှန် နားလည်မှုရှိကြရန် မေတ္တာရပ်ခံထားသည်။
ထို့အပြင် တစ်ဦးနှင့်တစ်ဦး ထိခိုက်နစ်နာအောင် မပြုလုပ်ရန်၊ အရင်ရောက်ရှိလာသူများက အိမ်နီးချင်းများ၏ အိုးအိမ် ပစ္စည်းများကို ဝိုင်းဝန်းထိန်းသိမ်းပေးရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်သူများကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့များမှ နှောင့်ယှက်မှုမပြုရန်နှင့် ပြည်တွင်းပြည်ပရှိ ဖလမ်းနွယ်ဖွားအားလုံး စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်ကြရန် စသည့် အချက်များ ပါဝင်သည်။
သို့သော် အဆိုပါထုတ်ပြန်ချက်တွင် ကော်မတီ၏ တံဆိပ်ရိုက်နှိပ်ထားသော်လည်း လက်မှတ်ရေးထိုးထားခြင်း မရှိသလို ၎င်းအဖွဲ့အစည်းကိုလည်း မည်သူက မည်သည့်အချိန်တွင် မည်သို့ဖွဲ့စည်းခဲ့သည်ကိုပင် ဒေသခံများ မသိရှိကြောင်း၊ စစ်အစိုးရ၏ ဝါဒဖြန့်မှုဖြစ်နိုင်ကြောင်း သိရသည်။
"ဒီစာကို ကြည့်ရတာ တံဆိပ်တော့တွေ့တာပဲ ဒါပေမဲ့ လက်မှတ်တော့မတွေ့ဘူး။ ဘယ်တုန်းက ဘယ်သူတည်ထောင် ထားတာလဲ မသိရဘူးဗျ။ ဒီစာက အတုလားအစစ်လားဆိုတာလဲ မသိရဘူး။ စကစက ပျူတွေလဲ မွေးထားတာ ဆိုတော့ သူတို့ လုပ်တာလဲ ဖြစ်နိုင်တယ်" ဟု ဖလမ်းမြို့ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။







