သက်ငယ်မုဒိမ်းလျှော့ချရေး အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်နေ

သက်ငယ်မုဒိမ်းလျှော့ချရေး အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လိုအပ်နေ

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ မြင့်တက်လာနေပြီး ထိုကိစ္စရပ်များ လျော့နည်းနိုင်ရန် လူထုအတွင်း လိင်ပိုင်းဆိုင်ရာ အသိပညာပေးသင်တန်းများကို ကျယ်ကျယ်ပြန့်ပြန်လုပ်ရန် လိုအပ်နေကြောင်း ကလေးသူငယ်အရေးလှုပ်ရှားသူများနှင့် လူမှုအဖွဲ့အစည်းများက ထောက်ပြနေကြသည်။

လက်ရှိ ဖြစ်ပွားနေသည့် သက်ငယ်မုဒိမ်းမှုဖြစ်စဉ်အများစုမှာ ကျူးလွန်သူများသည် ကလေးငယ်များ၊ ဆွေမျိုးသားချင်းများနှင့် အိမ်နီးနားချင်းများ ဖြစ်နေပြီး အုပ်ထိန်းသူများ၏ ဂရုစိုက်မှု အားနည်းခြင်း၊ ကလေးများက မိမိကိုယ်ကို ကာကွယ်ရမည်ကို မသိခြင်းနှင့် လိင်ပိုင်း ဆိုင်ရာ ဗဟုသုတနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။

ယင်းကြောင့် သက်ငယ်မုဒိမ်းမှုလျှော့ချနိုင်ရန်အတွက် ရပ်ရွာများ၊ လူကြီး၊ မိဘများ၊ လူငယ်များနှင့် သိတတ်စအရွယ်မကျန် အသက်အရွယ်အလိုက် လိင်ပိုင်းဆိုင်ရာ အသိပညာရေးခြင်းများ ဆောင်ရွက်သင့်သည်ဟု ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများက ပြောကြသည်။

“ကလေးတွေကို သူတို့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကို ဘယ်သူမှ ကိုင်ခွင့်မရှိဘူးဆိုတဲ့ (Body Safety) အကြောင်းကို သင်ပေးထားရမယ်။ အဲဒါမှ ကလေးတွေ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မှာ။ နောက်ပြီး အဲလိုမျိုး သင်ပေးနိုင်ဖို့အတွက် ရပ်ရွာတိုင်းက မိဘတွေ၊ အကြီးအကဲတွေနဲ့ လူငယ်တွေ၊ သိတတ်စ အရွယ်တွေကို အသက်အရွယ်အလိုက် လိင်မှုရေးရာ အသိပညာပေးသင်တန်းတွေ ပို့ချပေးဖို့ လိုအပ်နေတယ်” ဟု ကလေးသူငယ်အရေးလှုပ်ရှားနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လူကြီး၊ မိဘများသည် လိင်မှုရေးရာနှင့် အသိပညာပေးသင်တန်းများ ရရှိမှု နည်းပါးနေ၍ မိသားစုတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အဓမ္မပြုကျင့်မှုများ ဖြစ်ပွားလာလျှင်လည်း ထုတ်ဖော်မပြရဲဘဲ ဖြစ်နေကြသည်။

ထို့ကြောင့် နစ်နာသူအမျိုးသမီးများမှာ အဓမ္မပြုကျင့်ခံရသည့်အပြင် တရားမျှတမှုအတွက်လည်း ထုတ်ဖော်ပြောဆိုခွင့် မရသဖြင့် နှစ်ခါ နစ်နာမှုများဖြစ်ပေါ်နေရသည်ဟု အမျိုးသမီးအရေးလှုပ် ရှားသူများက ဆိုကြသည်။

“သိတတ်စ နှစ်နှစ်၊ သုံးနှစ်အရွယ်တွေကိုလည်း ဒီလိုသင်တန်းတွေ (PSEA / GBV) ပေးသင့်တယ်။ ကျမမှာဆိုလည်း ညမတစ်ယောက်ရှိတယ်။ သူ့ကိုလည်း တစ်ယောက်ယောက်က ကိုယ့်ခန္ဓာရဲ့ ဘယ်အစိတ်အပိုင်းကို လာထိရင် ခွင့်မပြုရဘူး။ အဲလိုလာလုပ်ရင် အိမ်က အကြီးတွေကို တိုင်ကြား ရမယ်ဆိုတာ သင်ပေးထားတယ်။ ဘာလို့ဆို တချို့ကလေးတွေက သူတို့ရဲ့ private area (မထိသင့်တဲ့နေရာ) ကိုလာထိရင်လည်း လူကြီးတွေကို တိုင်ရမှန်း မသိတာလည်းရှိတော့ အသက်အရွယ်အလိုက် လိင်မှုရေးရာသင်တန်းတွေ ပေးသင့်တယ်ထင်တယ်” ဟု အမျိုးသမီး အရေးလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် အရပ်ဖက်အဖွဲ့အစည်းအချို့က လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အသိပညာပေး သင်တန်းများ နေရာအချို့တွင် လုပ်ဆောင်နေကြသော်လည်း အခက်အခဲအမျိုးမျိုးတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ကြပေ။

ထို့ကြောင့် အာဏာပိုင်များနှင့် လူမှုအဖွဲ့အစည်းတို့ပူးပေါင်းပြီး လိင်ပိုင်းဆိုင်ရာ အသိပညာပေး သင်တန်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ခြင်းက ထိရောက်မှုအားကြီးလာနိုင်ကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူများက ထောက်ပြကြသည်။

တဖက်တွင်လည်း စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရသူ သိန်းနှင့်ချီ ရှိနေပြီး စခန်းအသီးသီး၊ နေရာအသီးသီး၌ ခိုလှုံနေကြသည်။ ထိုနေရာများ၌ လူပေါင်းစုံ နေထိုင်နေကြ၍ ကလေးငယ်များလုံခြုံရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် လိင်ပိုင်းဆိုင်ရာ အသိပညာပေးသင်တန်းများ ပေးသင့်ကြောင်းလည်း ပြောဆိုကြသည်။

“အရင်ထက်စာရင် လုံလုံခြုံခြုံ မရှိဘူး။ ဘာလို့ဆို Camp မှာက လူပေါင်းစုံ နေထိုင်ကြရတာဆိုတော့ ဘယ်က လူမှန်းမသိဆိုတော့ လုံခြုံမှု မရှိဘူး။ နောက်ပြီး အိမ်သာတွေ မရှိတာက ပိုဆိုးတယ်။ တောထဲတွေမှာ ဖြစ်သလို အိမ်သာတက်ကြရတယ်။ ကလေးတွေဆိုလည်း တစ်ယောက်တည်း သွားကြတာတွေ ရှိတယ်။ ဒီလိုမျိုးတွေက တစ်ဆင့် မုဒိန်းမှုတွေကို ဖြစ်စေနိုင်တယ်” ဟု ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ ကိုပြည့်ဖြိုးနိုင်က ပြောသည်။

အာရက္ခတပ်တော် ထိန်းချုပ်ဒေသတွင် ယခုနှစ် ဇန်နဝါရီလမှ ယခုဧပြီလထိ သက်ငယ်မုဒိမ်းမှု ၅ ကြိမ် အထိဖြစ်ပွားခဲ့သည်။

သက်ငယ်မုဒိမ်းမှုကျူးလွန်ခြင်းများကို လူ့အဖွဲ့အစည်းတစ်ခုလုံးက လက်မခံသဖြင့် ထိုသို့လုပ်ရပ်များ ထပ်မဖြစ်လာစေရန်အတွက် ဥပဒေအရ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်သင့် ကြောင်း ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူများက တိုက်တွန်းထားကြသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ မည်သူမဆို အသက် (၁၂) နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်လျှင် ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ ဒဏ်နှစ်ရပ်လုံးကို ချမှတ်သွားမည်ဟု ထုတ်ပြန်ထားသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...