နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ မူတြော်ခရိုင် (ဖာပွန်) ထဲကို အေးအေးလူလူ စီးဆင်းနေပါတယ်။
ထိုချောင်းနံဘေး မနီးမဝေးက အုံ့စိုင်းလှတဲ့ ဝါးပိုးဝါးရုံအောက်၊ ဝါးထရံကာ အိမ်လေးတစ်လုံးထဲမှာ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီး နော်ဒေးနော်တစ်ယောက် သူမဖြတ်သန်းလာခဲ့တဲ့ အတိတ်ဟောင်းတွေကို ပြန်ပြောင်းပြောပြနေပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ ဘဝခရီးကို မိုးထဲလေထဲ ဖြတ်သန်းခဲ့ရမှုကြောင့် သူမရဲ့ မျက်နှာမှာ ဇရာ အရေးအကြောင်းလေးတွေ ထင်ကျန်နေပြီး သွားအချို့တောင် ကျိုးပဲ့နေပါပြီ။ ဒါပေမဲ့ သူမရဲ့ မျက်ဝန်းတွေထဲမှာတော့ လျော့ပါးမသွားတဲ့ စိတ်အားထက်သန်မှုနဲ့ အားမာန်တွေက အထင်အရှား ရှိနေဆဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော် နော်ဒေးနော် အသက် ၁၈ နှစ်အရွယ်မှာ သူမဘဝကို ပြောင်းလဲစေခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ရပါတယ်။ ထိုစဉ်က မူတြော်ခရိုင်အတွင်း ဗမာစစ်တပ်က အသည်းအသန် ထိုး စစ်ဆင်နေတဲ့ ကာလဖြစ်တာကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) က နယ်မြေကာကွယ်ဖို့ တစ်အိမ်တစ်ယောက် စစ်မှုထမ်းရန် စည်းကမ်းချက် ထုတ်ပြန်ထားပါတယ်။
ဖိုဝါဒကြီးစိုးပြီး အမျိုးသားတွေကိုသာ ပညာသင်ယူခွင့် ဦးစားပေးတဲ့ ထိုခေတ်အခါက သူမရဲ့ မောင်လေးနှစ်ယောက် ပညာသင်နိုင်ဖို့အတွက် အကြီးဆုံးဖြစ်တဲ့ သူမကပဲ စစ်ထဲဝင်ဖို့ ကိုယ်တိုင်ရော မိဘများပါ ဆုံးဖြတ်ခဲ့ကြပါတယ်။
KNU ရဲ့ ဌာနချုပ်ဖြစ်တဲ့ မာနယ်ပလောမှာ ၅ နှစ်တာ တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲတွေ၊ လေ့ကျင့်မှု တွေနဲ့ အခက်အခဲများစွာကြားမှာ ကြံ့ခိုင်တဲ့ စစ်သမီးတစ်ယောက်အဖြစ် မိမိကိုယ်ကို တည်ဆောက်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှာ မာနယ်ပလောကို လက်လွှတ်ရပြီးနောက် သူမဟာ မူတြော်ခရိုင်ထဲကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။
ထိုကာလမှာ ဗမာ့တပ်မတော်ရဲ့ ထိုးစစ်ကြောင့် ပြည်သူတွေ တောထဲတောင်ထဲ ဒုက္ခများစွာနဲ့ ထွက်ပြေးနေရချိန် ဖြစ်ပါတယ်။ ထိုစဉ်က ကေအဲန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်စောဘိုမြ ဇနီးလည်းဖြစ်၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဌ နော်လားဖိုးက စစ်ရှောင်အမျိုးသမီးတွေကို ကူညီဖို့ သူမကို ခေါ်ယူခဲ့တာကြောင့် အမျိုးသမီးအရေး လုပ်ငန်းတွေထဲကို ခြေစုံပစ် ဝင်ရောက်ခဲ့ပြန်ပါတယ်။
ရှေ့တန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ သူမဟာ နောက်တန်းကနေ ရိက္ခာထမ်းတာ၊ ထမင်းချက်တာ၊ ရေခပ်တာနဲ့ ထမင်းထုပ်ပို့တာတွေကို ၁၀ နှစ်ကျော်တိုင်အောင် မပင်မပန်း ဆောင်ရွက်ခဲ့ပါတယ်။
“ရှေ့တန်းအတွက် ရိက္ခာထမ်းပို့တဲ့အချိန် ဗမာစစ်တပ်နဲ့ လမ်းမှာ ထိပ်တိုက်တိုးလို့ အသက်ဘေးက လွတ်အောင် မနည်းပြေးခဲ့ရတာတွေ ခဏခဏပဲ” လို့ သူမက ဆိုပါတယ်။
နောက်ပိုင်းမှာ သူမဟာ လူသောမြို့နယ် KWO ကိုယ်စားလှယ်အဖြစ် အမျိုးသမီးနဲ့ ကလေးအခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို အလေးထား ဆောင်ရွက်ခဲ့ပါတယ်။အသက် ၂၈ နှစ်မှာ KNLA ရဲဘော်တစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပေမယ့် တာဝန်ကိုယ်စီကြောင့် ခွဲနေရတာ များပါတယ်။ အိမ်ထောင်ကျပြီး ၇ နှစ်အကြာမှာ သမီးလေးတစ်ယောက် ထွန်းကားခဲ့ပေမယ့် ဒုတိယကိုယ်ဝန် ၃ လအရွယ်မှာတော့ ဘဝလက်တွဲဖော်ကို ဆုံးရှုံးလိုက်ရပါတယ်။ သူမရဲ့ အမျိုးသားဟာ နေမကောင်းဖြစ်တဲ့ ဖခင်ကို သွားရောက်ပြုစုစဉ် ဗမာ့စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံလိုက်ရတာပါ။
ထိုအချိန်မှစ၍ သူမဟာ မုဆိုးမဘဝနဲ့ သားသမီးတွေကို ပြုစုရင်း တော်လှန်ရေးလမ်းပေါ်မှာ တစ်ယောက်တည်း ဆက်လက်လျှောက်လှမ်းခဲ့ပါတယ်။ “ဗမာစစ်တပ်ကို ကြောက်လို့ ကလေးနဲ့အတူ ပြေးရတာတစ်ဖက်၊ စားဝတ်နေရေးနဲ့ အဖွဲ့အစည်းအလုပ်ကတစ်ဖက်မို့ တော်တော်လေး ပင်ပန်းခဲ့ရတယ်” လို့ သူမက အတိတ်ကို ပြန်ပြောပြပါတယ်။
သူမ ဘာကြောင့် အမျိုးသမီးအရေးကို အခုထိ တစိုက်မတ်မတ် လုပ်နေရသလဲဆိုတဲ့ မေးခွန်းကိုတော့ “အမျိုးသမီးတွေက စစ်တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို အဆိုးဝါးဆုံး ခံရတာ။ တချို့က ကျမလိုပဲ အမျိုးသား အသတ်ခံရပြီး ဒုက္ခနဲ့ မိသားစုတာဝန် ထမ်းနေရတယ်။ သူတို့အတွက် ပံ့ပိုးပေးဖို့တွေ အများကြီး လိုအပ်နေလို့ပါ” လို့ ပြန်ဖြေပါတယ်။
မူတြော်ခရိုင်အတွင်း ဗမာစစ်တပ်ရဲ့ ရက်စက်မှုတွေဟာ သူမအတွက်တော့ မေ့မရတဲ့ ဒဏ်ရာတွေပါ။ အမျိုးသမီး တွေကို မုဒိမ်းကျင့်သတ်ဖြတ်တာ၊ ကလေးငယ်တွေကို စပါးထောင်းတဲ့ ဆုံထဲထည့်ကြိတ်တာ စတဲ့ ဖြစ်ရပ်ဆိုး တွေကို သူမ ကိုယ်တိုင် မြင်တွေ့ကြားသိခဲ့ရသလို၊ အသတ်ခံရတဲ့ အမျိုးသမီး အလောင်းတွေကို သွားရောက်ရှာဖွေ သယ်ဆောင်ပေးခဲ့ရတာတွေလည်း အကြိမ်ကြိမ် ရှိခဲ့ဖူးပါတယ်။
ယနေ့အချိန်ထိလည်း မူတြော်ခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သူမဟာ အသက် ၆၅ နှစ်အရွယ်အထိ စစ်ပြေးဘဝက မလွတ်မြောက်သေးပါဘူး။
“ငါတို့ဘဝက တစ်လျှောက်လုံး စစ်ပြေးရင်းနဲ့ပဲ အချိန်ကုန်သွားတယ်။ ဒီဘဝ လူဖြစ်ရတာ အရမ်းဆိုးတယ်နော်” လို့ သူမက ရယ်လျက်ပြောနေပေမယ့် သူမရဲ့ မျက်ဝန်းတွေကတော့ ရင်ထဲက နာကျင်မှုကို ဖုံးဖိမထားနိုင်ပါဘူး။
မတရားမှုတွေကို လက်မခံတဲ့ နော်ဒေးနော်ဟာ သူမ တတ်နိုင်တဲ့ဘက်ကနေ စစ်အာဏာရှင်ကို ဆက်လက်တော်လှန်သွားဦးမှာ ဖြစ်သလို၊ ဒုက္ခသည်အမျိုးသမီးတွေရဲ့ အားကိုးရာအဖြစ်လည်း ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။







