စစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ်ကို ခုခံရန် CPU/ CPA စစ်ပြင်ထားဟုဆို

စစ်တပ်၏ ချင်းတောင်ပိုင်း ထိုးစစ်ကို ခုခံရန် CPU/ CPA စစ်ပြင်ထားဟုဆို

အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU/ CPA) အနေဖြင့် စစ်ပြင်ဆင်ထားပြီဖြစ်သည်ဟု CPU/ CPA ၏ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။ 

ချင်းညီနောင်အတွက် အထူးရန်ပုံငွေ ရှာဖွေပွဲကို အွန်လိုင်းမှတဆင့် မေလ ၂ ရက်က ကျင်းပရာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော်အဖွဲ့ (CPU/ CPA) ၏ အတွင်းရေးမှူး ဆလိုင်ယောမာန်က ယင်းသို့ ပြောခြင်းဖြစ်သည်။ 

“ချင်းပြည်မြောက်ပိုင်းဘက်၊ ဖလမ်းမှာ သူတို့က ဝင်နိုင်ပြီး၊ အောင်မြင်မှု ရတယ်ဆိုတာနဲ့ ဒီဘက်ကို သွေးတိုးစမ်းလာတဲ့ သဘော မျိုး‌တော့ ရှိတယ်။ ကျနော်တို့ကလည်း CPU/ CPA ဖွဲ့တယ်ဆိုတာက နောင်တချိန် ဒီလိုဖြစ်လာနိုင်မယ် ဆိုတဲ့အတွက်ကြောင့် ကြိုတင်မြင်ထားလို့ ကြိုတင်စုထားတယ်၊ လုပ်ထားကြတယ်၊ ကြိုတင်ပြင်ဆင်ထားကြတယ်။ အခုက စစ်ရေးသဘောသဘာဝ ဆိုတော့ ပြောရတာ ခက်ပါတယ်။ ကျနော်အထင် နောက် ၃/၄ လဆိုရင် ဘယ်လိုဖြစ်လာမလဲ၊ အားလုံး မြင်ရမှာ သိရမှာပေါ့နော်။ အဲဒီအချိန်ကြမှပဲ ကျနော်တို့ အောင်မြင်သလား၊ ဘာတွေ လိုအပ်သလဲ၊ မအောင်မြင်ဘူးလား၊ ဘယ်လိုမျိုးဝမ်းသာစရာတွေ ကြုံရမလဲဆိုတာ  ကွဲပြားသွားမယ် ထင်ပါတယ်။” ဟု ကိုယောမာန်က ပြောသည်။ 

စစ်တပ်က ထိုးစစ်ဆင်ရန် စစ်အင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းမှုရှိနေသော်လည်း ယော၊ ပုံတောင်ပုံညာဘက်မှာ တော် လှန်ရေးတပ်ဖွဲ့များလည်းရှိနေသေးသည့်အတွက် ချင်းတောင်ပိုင်းကို လျင်မြန်စွာ ထိုးစစ်မရောက်လာနိုင်ကြောင်း၊ သို့သော် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ကိုယောမာန်က ပြောသည်။  

ချင်းတောင်ပိုင်းတွင် စစ်တပ်၏ ယခုတစ်ကြိမ်ထိုးစစ်ကို အောင်ပွဲရသည်အထိ တောင့်ခံနိုင်လျှင် ယာယီလွတ်မြောက်မှုမှ နှစ်ရှည် လွတ်မြောက်မှုအဖြစ် ပြောင်းလဲသွားနိုင်ပြီး နောက်တစ်ဆင့် နိုင်ငံရေးအခင်းအကျင်းလည်း ပြောင်းလဲသွားနိုင်သည်ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

လက်ရှိမှာ CPU/ CPA အနေဖြင့် ၂၀၂၄ ဒီဇင်ဘာလက မင်းတပ်မြို့သိမ်းတိုက်ပွဲကထက် အင်အားပိုမိုကြီးမားသော တပ်ဖြစ်အောင် စုစည်းထားနိုင်သကဲ့သို့ ပိုမိုကောင်းမွန်သော မဟာမိတ်များနှင့်လည်း ချိတ်ဆက်ထားပြီဖြစ်ကြောင်း သိရသည်။ 

“ကျနော်တို့ကတော့ စုဖွဲ့မှုတွေ CPU/ CPA လို စုဖွဲ့မှုတွေကော၊ အင်အားတွေ စုတဲ့အပိုင်းကော၊ မဟာမိတ်တွေ စုတဲ့အပိုင်းကော ၊ တခြားဟာတွေ အကုန်လုံးကောပေါ့နော် ကြိုးစားပြီး လုပ်နေကြတယ်။ ပြင်ဆင်နေကြတယ်။ ဒီအကြပ်အတည်းကို တောင့်ခံနိုင်တယ်ဆိုရင် ဒီအခက်အခဲကနေ အမြတ်ထွက်အောင် လုပ်ကြမယ်ပေါ့။ အဲလို လုပ်ကြမယ်ဆိုရင် ဒါက ကျနော်တို့ အားလုံးရဲ့ ဖြစ်တည်မှုက ဒီအပေါ်မှာ မူတည်တယ်။ ဒီနောက်လာမယ့် ထိတွေ့မှုမှာ ကျနော်တို့ရဲ့ ဖြစ်တည်မှုက အစ၊ တော်လှန်ရေးကအစ အကုန်လုံးကို မူတည်နေတယ်။ အဲဒီအပေါ်မှာ ရှိသမျှ အားထုတ်ကြဖို့ပေါ့နော်။ ရှိသမျှ ဝိုင်းဝန်းကြဖို့၊ ရုန်းကန်ကြဖို့တော့ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့တော့ ဒီဘက်မှာ ပြင်ဆင်ထားတွေကို အားရတယ်လို့ပဲ ပြောလိုပါတယ်” ဟု CPU/ CPA အတွင်းရေးမှူး ဆလိုင်ယောမာန်က ပြောသည်။ 

အာဏာသိမ်းစစ်တပ်သည် ဧပြီလ ၂၅ ရက်က ဖလမ်းမြို့သိမ်းပြီးနောက် မကွေးမှ ချင်း- ရခိုင် ကူးသန်းရောင်းဝယ်ရေး လမ်းဆုံလမ်းမပေါ်ရှိ ကံကြီးကျေးရွာတွင် အင်အား ၂၀၀ ခန့်ဖြင့် အထိုင်ချ၍ ပိတ်ဆို့ဖြတ်တောက်မှု ပြုလုပ်နေကာ ချင်းတောင်ပိုင်းကို စစ်ပြင်ဆင်နေသည်ဟု သိရသည်။ 

ကျောက်ထုမြို့၊ အမြောက်တပ် ၃၆၈ တပ်ရင်းအပါအဝင် ချင်း- မကွေးအစပ်က ကျေးရွာတချို့ကို ထောက်ပို့လေယာဉ်များဖြင့် စစ်အင်အားနှင့် ခဲယမ်းရိက္ခာများ ဖြည့်တင်းမှု ပြုလုပ်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ 

ချင်းတောင်ပိုင်းနှင့် ယောဒေသအကြားရှိ တောတောင်နေရာများ အပါအဝင် ကျင်ဒွေး၊ ကျောက်ထု၊ ဂန့်ဂေါ၊ ထီးလင် စသည့် မြို့များကိုလည်း စစ်တပ်က  ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာကြောင်း၊ ကျင်းဒွေးမြို့  လေ ကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ ၁၁ ဦးခန့် သေဆုံးမှုရှိခဲ့သည်။ 

ဒေသခံပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိပြီး လေကြောင်းသတိပြု နေထိုင်ရန်လည်း CPU/ CPA က ထုတ်ပြန်ထားသည်။

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...