အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ စစ်ရာ ဇဝတ်မှုများ ကျူးလွန်မှုဖြင့် တီမောနိုင်ငံမှာ အမှုဖွင့်တရားစွဲဆိုမှုသည် နောက်တစ်ဆင့်အဖြစ် ဒီလီမြို့ခရိုင်တရားရုံးထံ တင်သွင်းပြီ ဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံမှ သိရသည်။
ဇန်နဝါရီလက မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် အမှုဖွင့် တရားစွဲဆို မှု၏ နောက်ဆက်တွဲအဖြစ် ရာဇဝတ်မှုဆိုင်ရာ အမှုတွဲသစ်ကို တီမောလက်စ်တေနိုင်ငံက ခရိုင်တရားရုံးမှာ တရားဝင် တင်သွင်း ခြင်းဖြစ်သည်ဟု CHRO က ဧပြီလ ၃၀ ရက် နေ့စွဲဖြင့် မေလ ၄ ရက်က ထုတ်ပြန်သည်။
“ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တီမောနိုင်ငံရဲ့ တရားရေးဌာန (Department of Justic ) မှာ အမှုကို တင်သွင်းထားတယ်။ အဲဒီဌာနကနေ ဖေဖော်ဝါရီလ ၁ ရက်မှာ အမှုကို ဖွင့်ပေးပြီးတော့ သူတို့က ရှေ့နေကို တာဝန်ပေးလိုက်တယ်။ အဲဒီတာဝန်ပေးလိုက်ပြီးတဲ့နောက် ဧပြီလကုန်မှာ တရားရေးဌာနကနေ ကျနော်တို့ အမှုကို သက်ဆိုင်ရာတရားရုံးကို ပြန်လွှဲလိုက်တယ်။ ဆိုတာက တရားရေးဌာနက ဒီအမှုကို သက်ဆိုင်ရာ တရားရုံးကနေ စိစစ်မှုကို ခွင့်ပြုလိုက်ပြီးဆိုတဲ့ သဘော သက်ရောက်သွားတယ်။ တရားရေးဌာနဟာ အစိုးရရဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်တယ်။ အဲဒီဝန်ကြီးဌာနရဲ့ တရားရေးကနေ အခုက သီးခြားလွတ်လပ်တဲ့ တရားရုံးကို သူတို့က လွှဲလိုက်ပြီးဆိုတော့ အဲဒီတရားရုံးက စိစစ်မှုပြီးရင်၊ လူတစ်ဦးချင်းစီရဲ့ အမှုတွေကို သုံးသပ်ပေးဖို့က သူမှာ တာဝန်ရှိလာပြီ။ ဒီဟာက တိုးတက်မှုတစ်ခုလို့ ကျနော်တို့က သတ်မှတ်တယ်” ဟု CHRO စီမံအရာရှိ ဆလိုင်းမာန်ဟရလျန်က ပြောသည်။
ချင်းပြည်နယ်မှာ အစဉ်တစိုက် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွက် စစ်အာဏာရှင် မင်းအောင်လှိုင် သည် ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုဆိုင်ရာ တာဝန်ရှိသည်ဟု သိရသည်။
ဇန်နဝါရီလ ၁၃ ရက်က တီမောနိုင်ငံ၊ ဒီလီမြို့အစိုးရ ရှေ့နေရုံးသို့ မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၄ ဦးကို ချင်းပြည်နယ်မှာ ကျူးလွန်သော စစ်ရာဇဝတ်မှု၊ အမှု ၅ ခုဖြင့် တရားစွဲ၊ အရေးယူနိုင်ရန် CHRO အဖွဲ့က လျှောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်မှာ အဆိုပါ အမှုများကို လက်ခံခဲ့သည်ဟု သိရသည်။
ဧပြီလတွင် နောက်တစ်ဆင့်အဖြစ်သို့ ရာဇဝတ်မှုဆိုင်ရာ အမှုတွဲကို ဒီလိုမြို့တရားရုံးထံသို့ တရားဝင် တင်သွင်းနိုင်ခြင်း ဖြစ်ပြီး တရားရုံးက လိုအပ်သော သက်သေများကို ထပ်မံဖြည့်စွက်ရန်လည်း အဆင်သင့် ရှိသည်ဟု သိရသည်။
“တီမောတရားရုံးက ကျနော်တို့ရဲ့ အမှုတွဲတွေကို စိစစ်ဖို့ ကျနော်တို့က တောင်းဆိုတယ်။ သူတို့က စိစစ်လာပြီးဆိုရင် ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ သူတို့ လိုအပ်တဲ့ သက်သေအထောက်အထားတွေကို ပြန်လည် ဖြည့်စွက်ဖို့လည်း အဆင်သင့်ရှိထားတယ်။ ပြီးရင် မြန်မာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂစုံစမ်းရေးကော်မတီ IIMM ကလည်း အဆင်သင့်ရှိမယ်ဆိုတာ ယုံကြည်ထားတယ်။ ဒါကြောင့် တီမောက တရားရုံးက အမှုတွဲတွေနဲ့ ပုဂ္ဂိုလ်တစ်ဦးချင်စီးရဲ့ ကျူးလွန်မှုတွေကို စိစစ်ပြီး သူတို့ရဲ့ တရားရေး လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်တယ်၊ တောင်းဆိုပါတယ်” ဟု CHRO စီမံအရာရှိ ဆလိုင်းမာန်ဟရလျန်က ပြောသည်။
တီမောဥပဒေရေးရာအဖွဲ့အစည်း (Da Silva Teixeira & Associados Lda) ၏ ရှေ့နေ့နှင့် လက်ရှိအမှုတွင် ဦးဆောင်ရှေ့နေဖြစ်သူ ဟိုဆေးထိပ်ရှီးရားက ဥပဒေကြောင်းအရ စုံစမ်းမှုတစ်ရပ်ကို စတင်လိုက်ပြီးဆိုပါက တရားရုံးက အဆိုပါ ဥပဒေပါ လုပ်ငန်းစဉ် အတိုင်း ဆုံးဖြတ်ချက် ချမှတ်လိမ်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
ချင်းပြည်နယ်တွင် ဂျာနယ်လစ် ၁ ဦးနှင့် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၀ ဦးကို အစုအပြုံလိုက် သတ်ဖြတ်မှု (၎င်းတို့ အနက် ၈ ဦးကို လည်လှီးသတ်ဖြတ်သည်) ၊ တီးတိန်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ခရစ်ယာန်သိက္ခာတော်ရ ဆရာတော် ၁ ပါးနှင့် သင်းထောက်ဆရာတော် ၃ ပါးကို သတ်ဖြတ်မှု၊ အရပ်ဘက်စစ်ဘက် ခွဲမှု မရှိဘဲ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု၊ ချင်းမှာ ဘုရားကျောင်းများကို စနစ်တကျ တိုက်ခိုက်မှု ကျူးလွန်ခြင်းတို့ကြောင့် တရားစွဲအရေးယူနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။
ချင်းမှာ ကျူးလွန်သော အမှု ၅ မှုဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ လေတပ် စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အထူးစစ်ဆင်ရေး (စကထ) မှ ဒုတိယဗိုလ်ချုပ်ကြီး ဇေယျာကျော်၊ နမခတိုင်းမှူး၊ မတူပီ ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲကျော်၊ ခလရ ၁၄၀ တပ်ရင်းမှူး၊ ခလရ ၃၀၄ တပ်ရင်းမှူး၊ မတူပီဗျူဟာမှူး ဗိုလ်မှူး ကျော်ကြည်ဟန် အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင် ၁၄ ဦးတို့ကို တရားစွဲဆိုသည်ဟု သိရသည်။
အဆိုပါအမှုများကို ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ၊ လန်ဒန်အခြေစိုက် Myanmar Accountability Project နှင့် တီမော အခြေစိုက် Da Silva Teixeira & Associados Lda ဥပဒေရေးရာအဖွဲ့ တို့ ပူးပေါင်းတရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းစစ်အုပ်စု၏ ချင်းပြည်သူများကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သမိုင်းဆိုးများကို ဖြတ်သန်းခဲ့ဖူးသော တီမောပြည်သူများအနေဖြင့် ချင်းပြည်သူများကို စာနာစိတ်ဖြင့် ကူညီထောက်ပံ့ပေးရန် မျှော်လင့်လျက်ရှိသည်ဟု CHRO က ထုတ်ပြန်သည်။
စစ်အာဏာရှင်မင်းအောင်လှိုင်၏ မြန်မာလူထုကို စစ်ရာဇဝတ်မှု ကျူးလွန်မှုများနှင့်ပတ်သက်၍ တီမော၊ ဖိလစ်ပိုင်း၊ အင်ဒိုနီးရှား၊ အာဂျင်တီးနား၊ တူရကီ အစရှိသည့် နိုင်ငံတကာမှ တရားစီရင်ရေးနယ်ပယ် အသီးသီးတွင် ၎င်းအပေါ် စွဲဆိုထားသော အမှုများ တိုးပွားလာနေသည်ဟု သိရသည်။







