မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်အောင်ထွန်းကွယ်လွန်ခြင်း ၅၆ နှစ်ပြည့် ဂါရဝပြု

မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်အောင်ထွန်းကွယ်လွန်ခြင်း ၅၆ နှစ်ပြည့် ဂါရဝပြု

မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့် ဂါရဝပြုအခမ်းအနားကို ပင ကျေးရွာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး ဧပြီ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

နိုင်အောင်ထွန်း၏ မွေးရပ်မြေဖြစ်သည့် ပင ကျေးရွာရှိ ကြက်တညင်ဘုရားကုန်းပေါ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် နိုင်အောင်ထွန်းမိသားစုဝင်များ၊ ပင ကျေးရွာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အပြင် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။

နံနက်အစောပိုင်းတွင် သင်္ဃာတော်များအား ဆွမ်းကပ်လှူဒါန်းပြီးနောက် အခမ်းအနားစတင်ကျင်းပရာ နိုင်အောင်ထွန်း၏အထုပ္ပတ္တိဖတ်ကြားခြင်းအစီအစဉ်များလည်း ပြုလုပ်ခဲ့သည်။

နိုင်အောင်ထွန်းသည် ၁၉၄၈ ခုနှစ်၊ သြဂုတ်လတွင် မွန်လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး မွန်အမျိုးသားထုတ်တစ်ရပ်လုံးကို ကိုယ်စားပြုသည့် မွန်ပြည်သူ့တပ်ဦး ဥက္ကဋ္ဌကြီးအဖြစ် ပါတီသက်တမ်းတစ်လျှောက် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၁၉၅၈ ခုနှစ်တွင် မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် နိုင်အောင်ထွန်းသည် ဦးနုအစိုးရအဖွဲ့တွင် မွန်ရေးရာဝန်ကြီးအဖြစ် ၁၉၆၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုသည်။ ထို့အပြင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးဌာနများကိုပါ ပူးတွဲတာဝန်ယူခဲ့သည်။

ထို့နောက် တော်လှန်ရေးကောင်စီ (ဦးနေဝင်းအစိုးရ) ၏ ၃၃ ဦးပါ နိုင်ငံတော် သမ္မတအကြံပေးအဖွဲ့တွင် မွန်အမျိုးသားခေါင်းဆောင် နိုင်ဖိုးချိုနှင့်အတူ ပါဝင်ခဲ့ကြသည်။

၁၉၇၀ ခုနှစ်၊ ဧပြီလ ၂၉ ရက်၊ နံနက် ၇ နာရီတွင် မော်လမြိုင်မြို့၊ ထားဝယ်စုရပ်ကွက်နေအိမ်၌ ကွယ်လွန်ချိန်တွင် အသက် ၅၇ နှစ်ရှိကြောင်း သိရသည်။

Most read this week

August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...
August 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ...
August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...