စက်တင်ဘာ (၁၂)ရက်နေ့က NDA-K ဌာနချုပ်ဟောင်း ပန်ဝါမြို့တွင် ပြုလုပ်သော(၉) ကြိမ်မြောက် ပန်ဝါပြည်သူ့စစ်တပ်ဖွဲ့ သင်တန်းဆင်းပွဲတွင် ဦးဇခုန်တိန့်ယိန်းက ရွေးကောက်ပွဲ ထပ်မံ ယှဉ်ပြိုင်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့စစ် သင်တန်းကျောင်း စခန်းတွင် ပြုလုပ်သော သင်တန်းဆင်းပွဲသို့ လာရောက်ကြသည့် ပရိဿတ် ၁၀၀၀ ခန့်ကို ဦးဇခုန်တိန့်ယိန်းမှ အချိန် (၃) နာရီခန့် မိန့်ခွန်းပြောကြားခဲ့စဉ် လာမည့် ရွေးကောက်ပွဲမှာ သူ့ကိုသာ ထပ်မံ မဲပေးကြရန် တိုက်တွန်းခဲ့ကြောင်း ပန်ဝါဒေသခံများ ကချင်သတင်းဌာန KNG သို့ ပြောသည်။
ဦးဇခုန်တိန့်ယိန်းသည် ကချင်ပြည်နယ် အမှတ်(၄) မဲဆန္ဒနယ်မှ ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် မြို့နယ်များ၏ တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။
၂၀၁၂ ခုနှစ်၊ ဧပြီလတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များ ပန်ဝါဒေသသို့ ဝင်ရောက်လာသည်။ ယခုလို KIA ၀င်ရောက်လာပြီးနောက် ၎င်း KIA တပ်ဖွဲ့များကို မောင်းထုတ်ရန် ရည်ရွယ်ချက်ဖြင့် ပန်ဝါပြည်သူ့စစ်တပ်ဖွဲ့ကို ဦးဇခုန်တိန့်ယိန်း ဦးဆောင်ဖွဲ့စည်းပေးခဲ့သည်။
ယခုချိန် ပန်ဝါပြည်သူ့စစ်တပ်ဖွဲ့တွင် အင်အား ၁၀၀၀ ခန့်ရှိနေပြီး ဦးဇခုန်တိန့်ယိန်းသည် နာယက ဖြစ်သည်။
၂၀၀၉ က NDA-K တပ်ဖွဲ့များကို မြန်မာအစိုးရတပ် လက်အောက် နယ်ခြားစောင့်တပ်ရင်း (၃)ရင်း အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ သို့သော်လည်း အစိုးရ အာဏာရ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပန်ဝါဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာမှမလုပ်ပေးကြောင်း ဧပြီလက ပြုလုပ်သော ပန်ဝါ လူထုရှင်းလင်းပွဲတွင် ဦးဇခုန်တိန့်ယိန်းက ဝေဖန်ခဲ့သည်။
ထို့ကြောင့် ယခင် NDA-K ထိန်းချုပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုဝင်ဘာ ရွေးကောက်ပွဲ အနိုင်ရသော မည်သည့် ပါတီနှင့်မဆို ပူးပေါင်းသွားမည်ဖြစ်သည်ဟု ပြည်သူ့စစ်သင်တန်းဆင်းပွဲတွင် ဦးဇခုန်တန့်ယိန်းက ပြောကြားခဲ့ကြောင်း သိရသည်။







