မလေးရှား UNHCR ဝဘ်ဆိုက်စနစ်သစ်သို့ ပြောင်းလဲမည်

မလေးရှား UNHCR ဝဘ်ဆိုက်စနစ်သစ်သို့ ပြောင်းလဲမည်

မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် ဒုက္ခသည်များအတွက် လက်ရှိအသုံးပြုနေသော ဝဘ်ဆိုက်ဟောင်း (refugeemalaysia.org) ကို ပိတ်သိမ်းကာ ဝဘ်ဆိုက်အသစ် ဖြစ်သော Help Site and My Services ဖြင့် ပြောင်းလဲအစားထိုးသွားမည်ဟု ချင်းဒုက္ခသည်များ မဟာမိတ် အဖွဲ့ (ACR) က ပြောသည်။

လာမည့် ဇူလိုင်လ ၁၄ ရက်မှစတင်၍ လက်ရှိအသုံးပြုနေသော ဝဘ်ဆိုက်ကို ပိတ်သိမ်းကာ အဆိုပါစနစ်သစ်ကို ပြောင်းလဲအသုံးပြုမည်ဖြစ်သည်။

ဇူလိုင်လ ၂ ရက်တွင် ကျင်းပသည့် မလေးရှား UNHCR ရုံးနှင့် မလေးရှားရောက် ဒုက္ခသည် အဖွဲ့အစည်း ခေါင်း ဆောင်များ၏ ပုံမှန် Townhall အစည်းအဝေးတွင် အဆိုပါစနစ်သစ်ကို တရားဝင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ စနစ်သစ်ပြောင်းလဲရခြင်းနှင့် ပတ်သက်၍ ACR ဥက္ကဋ္ဌက “UN website က ဘာဖြစ်လို့ပြောင်းတာ လဲ ဆိုလို့ရှိရင် အရင်အဟောင်းက မလေးရှား တစ်နိုင်ငံပဲသုံးတာ ဖြစ်တယ်။ အခု ဒီ Website အသစ်က နိုင်ငံ တကာမှာရှိတဲ့ UNHCR က အားလုံးထိန်းတော့မယ် ဆိုတဲ့ သဘောပေါ့နော်။ ဆိုတော့ မလေးရှားက UN information တွေအားလုံး နိုင်ငံတကာ UNHCR မှာ ရှိမယ် ဆိုတဲ့ပုံစံမျိုး။ အားလုံးကို Headquarters ကနေ ထိန်းတော့မယ့် ပုံစံမျိုး ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုပြောင်းလဲလိုက်သော စနစ်သစ်အရ မလေးရှားရောက်ဒုက္ခသည်များအနေဖြင့် လူသစ်မှတ်ပုံတင်ခြင်း၊ မိသားစုတွဲကပ် လျှောက်ထားခြင်း၊ ဖုန်းနံပါတ်အပြောင်းအလဲ ပြုလုပ်ခြင်း၊ ဖမ်းဆီးခံရမှု သတင်းပေးပို့ခြင်းနှင့် လိမ်လည်မှုတိုင်ကြားခြင်း စသည့်လုပ်ငန်းစဉ်အားလုံးကို ဝဘ်ဆိုက်အသစ်တစ်ခုတည်းမှသာ လုပ်ဆောင် ရတော့မည် ဖြစ်သည်။

အဆိုပါစနစ်သစ်ကို အသုံးပြုမည့် ဒုက္ခသည်တိုင်းတွင် ကိုယ်ပိုင်အီးမေးလ်အကောင့် (Email Account) တစ်ခု မဖြစ်မနေ ရှိထားရမည်ဖြစ်ပြီး၊ ၎င်းအီးမေးလ်ဖြင့်သာ အကောင့်ဖွင့်လှစ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် မလေးရှားရောက်ဒုက္ခသည်များအနေဖြင့် ဖုန်းနံပါတ်နှင့် Facebook သာမက အီးမေးလ်ပါ မဖြစ်မနေ အသုံးပြုတတ်ရန် လိုအပ်လာပြီဖြစ်ကြောင်း ACR က အသိပေးထားသည်။

စနစ်သစ်၏ ထူးခြားချက်အနေဖြင့် My Services အကောင့်မှတစ်ဆင့် လျှောက်ထားသူများသည် မိမိတို့၏ အမှုတွဲနှင့် လျှောက်လွှာ မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို ကိုယ်တိုင်အလွယ်တကူ စောင့်ကြည့် စစ်ဆေး နိုင်မည် ဖြစ်သည်။

သို့သော် လူသစ်မှတ်ပုံတင် လျှောက်ထားပြီးသူများ အနေဖြင့် အသစ်ပြန်လည်လျှောက်ထားရန် မလိုဘဲ မိမိတို့ ၏ Reference နံပါတ်အဟောင်းကိုသာ ပြန်လည်အသုံးပြုရမည်ဟု ဖော်ပြထားသည်။

တစ်ဖက်တွင်လည်း မလေးရှားနိုင်ငံအတွင်း ဒုက္ခသည်များနှင့် နိုင်ငံခြားသားများအပေါ် ဆန့်ကျင်မုန်းတီးရေး လှုံ့ဆော်မှုများ ပိုမိုကျယ်ပြန့်လာနေပြီး၊ လာမည့်ရက်ပိုင်းအတွင်း ဆန္ဒပြပွဲများ ပြုလုပ်ရန်အထိ စီစဉ်နေကြသဖြင့် မြန်မာဒုက္ခသည်များအနေဖြင့် လုံခြုံရေးဘေးအန္တရာယ်ကို အထူးသတိပြုကြရန် ACR ဥက္ကဋ္ဌက သတိပေး နှိုးဆော်ထားသည်။

“အခုနောက်ပိုင်း မလေးရှားမှာ နိုင်ငံခြားသားတွေ အရမ်းမုန်းနေကြတာ။ တချို့ဆို live လွှင့်ပြီးတော့ အစိုးရက ဘာမှ မလုပ်ဘူးဆိုပြီးတော့ ပြောနေကြတာ။ အခု သတင်းကြားတာကလဲ ဒီတစ်ပါတ်စနေနေ့ဆိုရင် UNHCR ရုံးမှာ နိုင်ငံသားတွေဆန္ဒပြမယ်လို့ကြားတယ်ပေါ့နော်။ လက်ရှိ ရိုဟင်ဂျာတွေဆိုလို့ရှိရင် population တအား များလာတာရယ်၊ ရိုဟင်ဂျာကို အဓိက target တာပေါ့နော်။ နောက်တစ်ခုက Refugee လို့ သုံးလာတဲ့အခါမှာ ကျွန်တော်တို့ မြန်မာတွေအတွက်လဲ အန္တရာယ်များတယ်ပေါ့နော်” ဟု ACR ဥက္ကဋ္ဌက ပြောသည်။

လက်ရှိကျင်းပခဲ့သည့် အစည်းအဝေးတွင် မလေးရှားနိုင်ငံသားအချို့၏ ဒုက္ခသည်များအပေါ် မုန်းတီးရေး လှုံ့ဆော် မှုများနှင့် ပတ်သက်၍လည်း UNHCR အနေဖြင့် ကာကွယ်ဖြေရှင်းနိုင်ရေး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက် နေသည်ဟု ဆိုသည်။

အလားတူ မြန်မာဒုက္ခသည် ၁၂,၀၀၀ ကျော် နေထိုင်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်လည်း ယခု ၂၀၂၆ ခုနှစ်မှစတင်ကာ ယခင်အသုံးပြုခဲ့သည့် သီးခြားကိုယ်ပိုင်စနစ် (Personal Website) များကို အသုံးမပြု တော့ဘဲ ယခုကဲ့သို့ စနစ်တကျချိတ်ဆက်ထားသည့် အွန်လိုင်းဝဘ်ဆိုက်စနစ် (Online Website) သို့ ပြောင်းလဲ အသုံးပြုနေပြီ ဖြစ်သည်။

နည်းပညာအခက်အခဲရှိပြီး အီးမေးလ်အကောင့် မဖွင့်တတ်သော ဒုက္ခသည်များအနေဖြင့် ကူညီဆောင်ရွက်ပေး နိုင်ရန် ချင်းဒုက္ခသည်များ ကော်မတီ (ACR) ရုံးသို့ လာရောက် အကူအညီ တောင်းခံနိုင်ကြောင်းနှင့် ဇူလိုင် ၁၄ ရက် ဝဘ်ဆိုက်စတင်ချိန်တွင်လည်း အကောင့်ဖွင့်လှစ်ခြင်းနှင့် အချက်အလက်လုံခြုံစွာ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ACR ရုံးက ကူညီပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

Most read this week

ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...
လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် CDF–KKG တပ်ရင်း ၆ မှ ရဲဘော်များပုံ (Credit)
August 13, 2026
ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင်...
August 11, 2026
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ...
August 10, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်တွင် တော်လှန်ရေးအဖွဲ့များ၏ အမည်ကို အလွဲသုံးစားပြုလုပ်ကာ လက်နက်အတု...