ထီးချိုင့် - ကသာ လမ်းပိုင်း အချို့ ဘက်ဟိုးဖြင့် တူးဖော်ဖျက်ဆီးခံရ

ထီးချိုင့် - ကသာ လမ်းပိုင်း အချို့ ဘက်ဟိုးဖြင့် တူးဖော်ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ထီးချိုင့်–ကသာ လမ်းပိုင်းတချို့ ဘက်ဟိုးများဖြင့် တူးဖော် ဖျက်ဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

အဓိက လမ်းဖျက်ဆီးခံထားရသည့် နေရာများသည် ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာနှင့် သံပုရာ ကျေးရွာ အနီးတွင်ဖြစ်ပြီး နေရာ ၃ ခုထက်မနည်း ဖျက်ဆီးခံထားရခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦး က KNG သို့ ပြောသည်။

“ကသာ ညောင်ခြေထောက်၊ သံပုရာရွာဘက်မှာ ဘက်ဟိုးတွေနဲ့ တူးထားတဲ့နေရာ နှစ်နေရာ၊ သုံးနေရာလောက် ရှိတယ်။ အခု မြစ်ကြီးနား–မန္တလေးသွားတဲ့ကားတွေအတွက် ဒီလမ်းက အဓိကလမ်းဖြစ်နေတာ။ ဟိုဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ ဒီလမ်းကို အသုံးပြုနေရတာပါ။”

ဒေသခံများ၏ ပြောပြချက်အရ အဆိုပါလမ်းပိုင်းသည် ပြီးခဲ့သည့် မေလအတွင်းကမှ ပြန်လည်အသုံးပြုခွင့်ရခဲ့ သည့် လမ်းကြောင်းဖြစ်ပြီး၊ အင်းတော်ဘက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် မြစ်ကြီးနား - မန္တလေး ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်အများစုက ဤလမ်းကို အဓိကအားထား အသုံးပြုနေကြရခြင်း ဖြစ်သည်။

ဒေသခံအမျိုးသား က “ဒီလမ်းက ပြီးခဲ့တဲ့ မေလကမှ ပြန်ဖွင့်ထားတဲ့လမ်းပါ။ အခု ဘက်ဟိုးနဲ့ တူးဖော်ထား တယ်လို့ သိရတယ်။ ဘယ်ဘက်က ဖျက်ဆီးသွားတယ်ဆိုတာတော့ မသိဘူး။ ခရီးသည်တင်ကားရော၊ ကုန်ကား ရော လုံးဝသွားလို့ မရတော့ဘဲ ပိတ်မိနေကြတာပါ။ အင်းတော်လမ်း ပြန်ဖွင့်ရင်တော့ ဒီလမ်းကို အသုံးပြုဖို့ မလိုတော့ဘူး” ဟု ဆက်ပြောသည်။

လက်ရှိအချိန်အထိ အဆိုပါလမ်းပိုင်းကို မည်သည့် အဖွဲ့အစည်းက ဖျက်ဆီးခဲ့သည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်လည်း ထွက်ပေါ်လာခြင်း မရှိသေးပါ။

ယခုကဲ့သို့ လမ်းပိုင်းဖျက်ဆီးခံရမှုကြောင့် မန္တလေး - မြစ်ကြီးနားလမ်းကြောင်းကို အသုံးပြုနေသည့် ယာဉ်များ သည် သွားလာရေး ပိုမိုခက်ခဲလာပြီး နဘား - ကသာ လမ်းပိုင်း၌ အတက်အဆင်း နှစ်ဖက်စလုံးမှ ယာဉ်များ ပိတ်မိနေသလို၊ မဲဇာ - နန့်သဲ - အင်းတော် ကွင်းလမ်းကို အသုံးပြုရန် ကြိုးစားသည့် ယာဉ်များလည်း ကျေးရွာ အလိုက် ပိတ်မိနေကြသည်။

ဇွန်လကုန်ပိုင်းမှစ၍ လမ်းခရီးတွင် ယာဉ်များ ရက်ရှည်ပိတ်မိနေသဖြင့် ခရီးသည်တချို့မှာ ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရပြီး၊ အချို့ယာဉ်များမှာမူ ဆက်မစောင့်နိုင်တော့သဖြင့် နောက်ပြန်လှည့်သွားခဲ့ကြသည်။

ထို့ပြင် ကုန်တင်ယာဉ်တချို့မှာလည်း အချိန်မီမပို့ဆောင်နိုင်သဖြင့် ပျက်စီးလွယ်သည့် ကုန်ပစ္စည်းအချို့ ဆုံးရှုံးမှု များရှိနေပြီး၊ ယာဉ်မောင်းများအနေဖြင့်လည်း လောင်စာဆီနှင့် စားသောက်စရိတ်များ တိုးမြင့်လာခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးသည် ကချင်ပြည်၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်သဖြင့် လက်ရှိလမ်းပိုင်းဖျက်ဆီးခံရမှု အခြေအနေနှင့် စစ်ရေးမတည်ငြိမ်မှုများ ဆက်ရှိနေသရွေ့ ကုန်စည် စီးဆင်းမှုနှင့် ခရီးသွားလာရေး ကဏ္ဍတို့တွင် အကျပ်အတည်းများ ဆက်လက် ကြုံတွေ့နေရဦးမည် ဖြစ်ကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများက သုံးသပ်နေကြသည်။

Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
July 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ...
July 6, 2026
မန္တလေးဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်သို့ ဆန်တက်လာသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် စစ်တပ်၏...
July 4, 2026
ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ...
July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...