ပူတာအိုတွင် လယ်သမားများ ကန့်ကွက်သည့်ကြားမှ ရွှေတူးရန် ပြင်ဆင်

ပူတာအိုတွင် လယ်သမားများ ကန့်ကွက်သည့်ကြားမှ ရွှေတူးရန် ပြင်ဆင်

ကချင်ပြည်၊ ပူတာအိုမြို့နယ်အတွင်းရှိ မကပ်မုံကျေးရွာ၌ လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေသည့်ကြားမှ အတင်း အဓမ္မ ရွှေတူးဖော်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ပူတာအိုမြို့၏ အရှေ့ဘက် ၅ မိုင်ကျော်အကွာတွင် ရှိသော မကပ်မုံကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွှေလုပ် ငန်းရှင်များက ဒေသခံအချို့ ကန့်ကွက်နေသည့်ကြားမှ လယ်ယာမြေများပေါ်တွင် ရွှေတူးဖော်ရန် ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း မကပ်မုံကျေးရွာနေ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။

အသက် ၆၀ ကျော်အရွယ် မကပ်မုံကျေးရွာနေ အမျိုးသားက “အခုလောလောဆယ်တော့ မတူးသေးဘူး။ ဒါပေ မယ့် တူးဖို့ အဆင်သင့်လုပ်နေပြီ။ ဘတ်ဟိုးနှစ်စီးလည်း ရောက်ထားပြီ။ ဘေးမှာ ဒီနှစ်မှ စိုက်ထားတဲ့ စပါးခင်း တွေရှိတယ်။ အဲဒီစပါးခင်းတွေနဲ့ ကပ်လျက်ရှိတဲ့ လယ်တွေကို တူးတော့မှာ။ အဲဒါကြောင့် ဒေသခံတွေက အရမ်း စိုးရိမ်နေကြတာ။ ရွှေမတူးစေချင်ဘူး။ တူးလိုက်ရင် စပါးခင်းတွေပျက်စီးသွားမှာကို ကြောက်နေကြတယ်“ ဟု ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ မကပ်မုံကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွှေလုပ်ငန်းရှင်များနှင့် လယ်ပိုင်ရှင်အချို့ ပူးပေါင်းကာ မကပ်မုံ - ပူတာအို ကားလမ်းဘေးရှိ လယ်ကွက်များတွင် ရွှေတူးဖော်ရန် ပြီးခဲ့သည့် ဇွန်လ ကတည်းက စတင်ပြင်ဆင်နေခြင်း ဖြစ်သည်။

အခြားဒေသခံတစ်ဦးကလည်း လယ်ယာမြေများ ထိခိုက်ပျက်စီးနိုင်မည့် အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ ရှင်းပြသည်။

“ကားလမ်းဘေးက လယ်ကွက်တွေပါ အဲဒီမှာ လယ်ကွက်တွေ အများကြီးရှိတယ်။ တချို့က လယ်စိုက်ထား တယ်၊ တချို့က မစိုက်ဘူး မစိုက်တဲ့ လယ်ကွက်တွေကိုတော့ လယ်ပိုင်ရှင်တွေက ရွှေတူးဖို့ ရောင်းပြီးပြီ။ တချို့ ကတော့ မရောင်းချင်ဘူး စပါးစိုက်ထားတယ်။ လယ်တွေကလည်း ကပ်လျက်ရှိတော့ တစ်ဖက်မှာ ရွှေတူးလိုက် ရင် ဒီဘက် စပါးစိုက်ထားတဲ့ လယ်တွေအကုန် ထိခိုက်သွားမယ်။ ရေစီးကြောင်းတွေ ပိတ်သွားမယ်၊ ရေတွေက ရွှေတူးတဲ့ဘက်ကို စီးသွားပြီး လယ်တွေ ရေခမ်းသွားနိုင်တယ်။ အဲဒါကြောင့် လယ်စိုက်ထားတဲ့သူတွေက ကန့်ကွက်နေကြတာ။ မတူးစေချင်ဘူး။“

လက်ရှိ ရွှေတူးဖော်ရန် ပြင်ဆင်နေသည့် နေရာတစ်လျှောက်တွင် လယ်ဧက ၅၀ ခန့်ရှိပြီး၊ အဆိုပါအထဲမှ ဧက ၂၀ ဝန်းကျင်ကို ရွှေတူးဖော်ရန် စီစဉ်နေခြင်း ဖြစ်သည်။

အဆိုပါလယ်ကွက်များသည် ကပ်လျက် တည်ရှိနေခြင်းကြောင့် အချို့နေရာများကို ရွှေတူးဖော်လိုက်ပါက ကျန်လယ်ကွက်များဘက်သို့ ရေစီးဆင်းမှု ပိတ်ဆို့ခြင်း၊ ရေခမ်းခြောက်ခြင်း၊ မြေစာပုံများ ဖုံးလွှမ်းခြင်းနှင့် မိုးရာသီတွင် မြေပြိုမှုများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် လယ်ပိုင်ရှင်အချို့က ကန့်ကွက်နေကြခြင်း ဖြစ်သည်။

ဒေသခံအမျိုးသားတစ်ဦးက “ဌာနဆိုင်ရာတွေအနေနဲ့ လာရောက်စစ်ဆေးပေးစေချင်တယ်။ တကယ် ရွှေတူး လိုက်ရင် ကျန်တဲ့လယ်တွေအကုန် ပျက်စီးသွားမှာ။ ဘာမှဆက်လုပ်လို့ရတော့မှာ မဟုတ်ဘူး။ တာဝန်ရှိတဲ့သူ တွေ ကွင်းဆင်းပြီး စိစစ်ပေးရင် ကောင်းမယ်” ဟု ပြောသည်။

လတ်တလောတွင် မကပ်မုံကျေးရွာအတွင်း လယ်ယာမြေများကို ရွှေတူးဖော်ရန် ပြင်ဆင်နေသည့်အပြင်၊ လယ် ကွက်များ၏ တစ်ဖက်ခြမ်းရှိ မြေလွတ်မြေရိုင်း နေရာအများအပြားတွင်လည်း စက်ယန္တရားကြီးများဖြင့် ရွှေတူး ဖော်မှုများ ပြုလုပ်လျက်ရှိသည်။

မကပ်မုံကျေးရွာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း မလိခမြစ်ကမ်းတစ်လျှောက်နှင့် ကျေးရွာ ခြံစည်း ရိုးအနီးအထိ ရွှေတူးဖော်ခဲ့သဖြင့် ဒေသခံများက ကန့်ကွက်ခဲ့ဖူးသည်။

ပူတာအိုဒေသတွင် စစ်အာဏာမသိမ်းမီက လက်လုပ်လက်စား ရွှေတူးဖော်မှုသာ ရှိခဲ့သော်လည်း၊ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် ပူတာအိုမြို့အနီးဝန်းကျင်၊ မချမ်းဘော့မြို့နယ်၊ နောင်ခိုင်၊ မကပ်မှော်နှင့် မူလာရှီးဒီ စသည့် နေရာအနှံ့အပြား၌ စက်ယန္တရားကြီးများ အသုံးပြုကာ အကြီးစားရွှေတူးဖော်မှုများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်လာနေခြင်း ဖြစ်သည်။

By - Zaw Zaw

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...