ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း KTV ဆိုင်များ၊ လောင်းကစားရုံများနှင့် အပျော်အပါးဆိုင်များ တိုးချဲ့ဖွင့်လှစ်လာခြင်းကြောင့် လူငယ်များ၏ အကျင့်စရိုက် ပျက်စီးမှု များပြားလာနေကြောင်း ဒေသခံများက ပြောသည်။
ကိုးကန့်တပ်ဖွဲ့ (MNDAA) အနေဖြင့် ရန်ပုံငွေရှာဖွေရေးအတွက်ဟုဆိုကာ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များကို နေရာချထားပေးပြီး မြို့တွင်းနှင့် ကျေးရွာများတွင်ပါ အဆိုပါလုပ်ငန်းများကို တိုးချဲ့ဖွင့်လှစ်နေခြင်းဖြစ်သည်။
နမ့်အွမ်ဒေသခံ အမျိုးသမီးတစ်ဦးက “MNDAA တွေက သူတို့လုပ်ချင် တာကို သူတို့သဘောနဲ့ လုပ်နေကြ တယ်။ မြို့ပေါ်မှာသာမက ကျေးရွာတွေထဲအထိ လောင်းကစားရုံတွေ ဖွင့်လာတယ်။ ဒီမှာ ကျမတို့ တစ်သက်လုံး နေခဲ့တာ၊ နှစ် ၃၀၊ ၄၀ အတွင်း ဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ အခုတော့ ရွာလမ်းမကြီးဘေးမှာတင် လောင်း ကစားရုံတွေ ပေါ်ပေါ်တင်တင် ဖွင့်ထားကြတယ်။ ကလေးတွေ ပျက်စီးတာလည်း ပိုများလာတယ်။ ပြီးတော့ မူးယစ် ဆေးဝါးတွေလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဝင်လာတယ်” ဟု ပြောသည်။
မူဆယ်-ကွတ်ခိုင်ကြားရှိ နမ့်အွမ်ကျေးရွာတွင် ယခင်က ထိုသို့သော ဆိုင်များမရှိခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေး အပြီး တစ်နှစ်ကျော်အတွင်း MNDAA က ကျေးရွာလမ်းမကြီးတစ်လျှောက် နေရာသုံးခုခန့်တွင် လောင်းကစားရုံ သုံးရုံ ဖွင့်လှစ်ထားကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါဆိုင်များကို အပြင်မှမမြင်နိုင်ရန် အကာအရံမြင့်မြင့်များဖြင့် ကာရံထားပြီး အတွင်းပိုင်းတွင် လောင်း ကစားရုံများနှင့် ဂိမ်းဆိုင်ကြီးများ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
MNDAA အနေဖြင့် ဒေသတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံများကို ကြိုတင် ညှိနှိုင်း ခြင်း သို့မဟုတ် အသိပေးခြင်းမျိုး မရှိဘဲ ဆောင်ရွက်နေသည်။ လက်ရှိ ဖွင့်လှစ်နေသည့် လုပ်ငန်းရှင်အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး ရှမ်းမြောက်ဒေသခံ လုပ်ငန်းရှင်အချို့လည်း ပါဝင်သည်။
ကွတ်ခိုင်ဒေသခံ လူငယ်တစ်ဦးက “ကိုးကန့်ဝင်ရောက်ထိန်းချုပ်တဲ့ နေရာတိုင်းမှာ ဒီအပျော်အပါး လုပ်ငန်းတွေ က ပုံမှန်လိုက်ပါလာတဲ့ လုပ်ငန်းတစ်ခုလို ဖြစ်နေတယ်။ KTV တွေ၊ လောင်းကစားရုံတွေက သူတို့ ထိန်းချုပ်တဲ့ နေရာတိုင်းမှာ အတူတကွ ပါလာတဲ့လုပ်ငန်းမျိုး ဖြစ်နေတယ်။ ကွတ်ခိုင်မှာလည်း အရင်က ရှိခဲ့ပေမယ့် MNDAA ဝင်ရောက်လာပြီးနောက် ပိုမိုများပြားလာတာ ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိ ကွတ်ခိုင်မြို့အတွင်း KTV ဆိုင်ပေါင်း ၁၀ ဆိုင်မှ ၂၀ ဆိုင်ကြားအထိ ရှိနေသည်။ ထိုသို့သော လုပ်ငန်းများ တိုးလာခြင်းနှင့်အတူ မူးယစ်ဆေးဝါးများ ပိုမိုပျံ့နှံ့လာပြီး အသက် ၁၂ - ၁၃ နှစ်အရွယ် ကလေးငယ်များအထိ စတင်သုံးစွဲလာခြင်း၊ အပျော်အပါးလိုက်စားခြင်းများ ပိုမိုများပြားလာနေသည်ကို တွေ့မြင်နေရသည်။
ရှမ်းမြောက်ဒေသဖြစ်သည့် သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်နှင့် ၁၀၅ မိုင် တစ်လျှောက်တွင်လည်း MNDAA ၏ ခွင့်ပြု ချက်ဖြင့် တရုတ်နိုင်ငံဘက်မှ လုပ်ငန်းရှင်များ ဝင်ရောက်ကာ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေကြသည်။
မူဆယ်မြို့အနီး ၁၀၅ မိုင်ဒေသရှိ KTV လုပ်ငန်းများတွင် ကချင်လူငယ် အများအပြားကို တွေ့မြင်ရပြီး အကျင့် စရိုက် ပျက်စီးခြင်းနှင့် လူကုန်ကူးခံရသည့် ဖြစ်စဉ်များလည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
ထို့ပြင် ရှမ်းမြောက်ဒေသများတွင် ဒေသခံများ၏ ဈေးဆိုင်ခန်းများကို တရုတ်နိုင်ငံသားများက ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများအပြင် တရုတ်နိုင်ငံသားများက မြေနေရာများကိုပါ လာရောက်ဝယ်ယူနေကြသည်။
မူဆယ်မြို့အနီး နမ့်တောင်းကျေးရွာတွင်လည်း ဒေသခံများ၏ စိုက်ပျိုးမြေဧက တစ်ထောင်ကျော်ကို MNDAA ၏ ခွင့်ပြုချက်ဖြင့် တရုတ်လုပ်ငန်းရှင်တစ်ဦးက အတင်းအဓမ္မ သိမ်းယူလိုက်သည့် ဖြစ်စဉ်များ ရှိနေသည်။







