အသွင်ပြောင်းပေမယ့် ဗီဇမပြောင်းတဲ့ စစ်အာဏာရှင်

အသွင်ပြောင်းပေမယ့် ဗီဇမပြောင်းတဲ့ စစ်အာဏာရှင်

မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက် ရွေးကောက်ပွဲများမှ တစ်ဆင့် အသွင်ပြောင်းအစိုးရအဖြစ် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည် ဟု ကြွေးကြော်နေသည်။

လက်တွေ့တွင်မူ ပြည်သူများကို အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ အဓမ္မ ဖမ်းဆီးစစ်မှုထမ်းခိုင်းခြင်းတို့ဖြင့် ပြည်သူများ၏ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ မျှော်လင့်ချက် များကို ဆက်လက် ပိတ်ပင်တားဆီးလျက် ရှိသည်။

စစ်တပ်က အရပ်သားအုပ်ချုပ်သည့် အစိုးရအဖြစ် ပုံဖော်ရန် စစ်ယူနီဖောင်းချွတ်ကာ တိုက်ပုံလဲဝတ်၍ အသွင် ပြောင်းခဲ့သော်လည်း နဂိုရှိရင်းစွဲ အာဏာရှင်စရိုက်နှင့် စနစ်ဆိုးများကို လပိုင်းအတွင်းမှာပင် မဖုံးကွယ်နိုင်ခဲ့ပေ။

တရားဥပဒေစိုးမိုးမှု အားနည်းနေချိန်တွင် လက်နက်အားကိုးဖြင့် ပြည်သူများအပေါ် ဖိနှိပ်နေဆဲဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုများကလည်း အရင်ကထက် ပိုမိုဆိုးရွားသည့် အကျပ်အတည်းထဲသို့ တစ်စထက် တစ်စ နစ်ဝင်နေကြောင်း လေ့လာသူများက ထောက်ပြကြသည်။

ဒီလိုမျိုး အခြေအနေဆိုးကြီးကို ရင်ဆိုင်ဖြတ်သန်းနေရတာမို့ ဆုံးရှုံးခဲ့ရတဲ့ လူ့အခွင့်အရေးတွေ ပြန်ရဖို့ မှေးမှိန် နေသေးတယ်လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က သံလွင်တိုင်းမ်ကို သုံးသပ်ပြောဆိုသည်။

“တခြားတစ်ဘက်ကလည်း လူထုတွေရဲ့ ကြံ့ကြံ့ခံနိုင်မှုစွမ်းအားကလည်း ပြန်ကြည့်မယ်ဆိုလို့ရှိရင် ၄၊၅၊၆ နှစ်တာ ကာလမှာ အတော်လေးကို လျော့ကျလာတာရှိတယ်။ တစ်ဘက်ကလည်း လူ့အခွင့်အရေး အခြေအနေ ဆိုးကြီးကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ကာလဖြစ်တယ်။ ဆိုတော့ ပြည်သူတွေရဲ့ ဆုံးရှုံးခဲ့ရတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပြန်လည်ရရှိနိုင်တဲ့ လမ်းစရှိနိုင်မလားလို့ ပြောလို့ရှိရင် မှေးမှိန်နေပါသေးတယ်” ဟု ပြော သည်။

ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက်ပိုင်း ၉ ပတ်အတွင်း နိုင်ငံတဝန်း၌ စစ်တပ်က အရပ်သား များကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းမှုနှင့် လေကြောင်းဗုံးကြဲမှုများကြောင့် အနည်းဆုံး လူ ၃၆၃ ဦး သေဆုံးခဲ့ရသည်။

အဆိုပါ ကိန်းဂဏန်းအရေအတွက်မှာ ဧပြီ ၁၇ ရက်မှ ဇွန် ၁၈ ရက်အထိ ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အပတ်စဉ်ထုတ်ပြန်သည့် ‘မြင်ကွင်း - တော်လှန်စစ်ဆင်ရေး’ အချက်အလက်များကို အခြေခံ၍ သံလွင်တိုင်းမ်က ပြန်လည်ပြုစုထားခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်တပ် ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော် များနှင့် အာဏာသိမ်းသမ္မတ ဦးဆောင်သော စစ်တပ်အသွင်ပြောင်း အစိုးရအဖွဲ့သည် နိုင်ငံ့တာဝန် ထမ်းဆောင် နေသည်မှာ နှစ်လကျော်ရှိလာပြီ ဖြစ်သည်။

ဖွဲ့စည်းထားသည့် ပြည်ထောင်စု ဝန်ကြီးဌာန ၃၁ ခု၏ ဝန်ကြီး ၃၀ အနက် စစ်အရာရှိဟောင်း ၂၁ ဦး ပါဝင်နေ သလို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းနှင့် ပြည်နယ်အဆင့် ဝန်ကြီးချုပ်များနှင့် လွှတ်တော်ဥက္ကဋ္ဌ အများစုမှာလည်း စစ်အရာရှိဟောင်းများသာ ဖြစ်ကြသည်။

၎င်းမှာ ဦးမင်းအောင်လှိုင် ကိုယ်တိုင် လွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ထိပ်ပိုင်းရာထူးများကို အာဏာ သိမ်းကာလ စစ်ကောင်စီနှင့် စစ်ကော်မရှင် လက်ထက်က စစ်ဗိုလ်ချုပ်များ၊ လူယုံများနှင့်သာ ရွေးချယ်စီမံထား ခြင်းဖြစ်ကြောင်း ပေါ်လွင်နေသည်။

ဒေသခံပြည်သူတစ်ဦးကမူ အာဏာသိမ်းစစ်တပ်မှ အရပ်သားအစိုးရဟူသော ခေါင်းစဉ်ပြောင်းသွားသော်လည်း မြေပြင်တွင် ထိန်းချုပ်မှုများနှင့် မလွတ်လပ်မှုများ ရှိနေဆဲဖြစ်ကြောင်း သံလွင်တိုင်းမ်သို့ ပြောသည်။

“လက်ရှိ အစိုးရအပြောင်းအလဲဆိုပေမယ့် ဒီလူနဲ့ ဒီလူပါပဲ။ ဒါပေမယ့် ခေါင်းစဉ်ပြောင်းသွားတာပေါ့နော်။ အရပ်သား အစိုးရဆိုပြီး ဖြစ်သွားတယ်။ ဒီဟာပဲ ကွာသွားတယ်။ ကျန်တာတော့ သိပ်မကွာဘူး။ အပေါ်မှာသာ ပြောင်းမယ် အောက်ခြေမှာတော့ ပုံမှန် ဒီလိုမျိုးပဲ၊ ထိန်းချုပ်မှုတွေ ရှိနေတုန်းပဲ။ ပြည်သူတွေ လွတ်လပ်မှုတွေ လွတ်လပ်စွာ ကုန်သွယ်ခွင့် လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာ သွားလာခွင့် လွတ်လပ်စွာ တင်ပြခွင့် မရှိသေး ရင်တော့ ပြည်သူတွေကတော့ ငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

လက်ရှိ အသွင်ပြောင်းထားသည့် စစ်အစိုးရအနေဖြင့် ဒီမိုကရေစီပြန်လည်ရှင်သန်ရေး၊ တိုင်းပြည် တည်ငြိမ်ရေး နှင့် ငြိမ်းချမ်းရေးအတွက်မဟုတ်ဘဲ နိုင်ငံ့အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေးအတွက်သာ ဖြစ်ကြောင်း လေ့လာသူများက ထောက်ပြကြသည်။

ဦးမင်းအောင်လှိုင်ကမူ အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ အနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနေကြောင်း ပြီးခဲ့သည့် ဇွန်တတိယပတ် တရုတ်နိုင်ငံခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

၎င်းဦးဆောင်သည့် အစိုးရလက်ထက်တွင် စာမျက်နှာသစ် ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် နိုင်ငံရေးစနစ်ကို သက်ဆိုင်သူအားလုံး လိုက်ပါနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

သို့သော်လည်း ဒီမိုကရေစီစံနှုန်းအရ သတင်းမီဒီယာ လွတ်လပ်ခွင့် အပါအဝင် နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုတို့အပေါ် ကန့်သတ်ပိတ်ပင်ထားဆဲ ဖြစ်သည်။

စစ်တပ်အသွင်ပြောင်း အစိုးရကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားသူများနှင့် မှတ်ချက် (Comment) ပေးသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀၊ ၅၂ နှင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က တို့ဖြင့် ဖမ်းဆီးအမှုဖွင့်ခြင်းများကို ဆက်လက် လုပ်ဆောင်နေသည်။

စစ်တပ်အသွင်ပြောင်းအစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ဆိုရှယ်မီဒီယာတွင် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုများကို ၂၄ နာရီပတ်လုံး စောင့်ကြည့် အရေးယူနေကြောင်း ဇွန် ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် မေလအထိ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများဖြင့် လူပေါင်း တစ်သောင်းကျော် နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် လူပေါင်း ၁,၈၀၀ ကျော်ကို အရေးယူထားသည်ဟု ၎င်းက ပြောဆိုထား သည်။

တစ်ဖက်တွင်လည်း စစ်တပ် အသွင်ပြောင်းအစိုးရက နိုင်ငံ့တာဝန် စတင်ထမ်းဆောင်သည့် ဧပြီလအတွင်းမှာပင် Chin World၊ Khonumthung Media Group၊ မျက်မှောက်ခေတ်၊ မြေလတ်အသံ၊ Red News Agency နှင့် Asia Citizens တို့၏ လုပ်ငန်းလိုင်စင်များကို နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်သိမ်းခဲ့သည်။

လွတ်လပ်သော မြန်မာသတင်း မီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်က သတင်းလွတ်လပ်ခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်မရှိဘဲ စစ်အစိုးရပြောသည့် ဒီမိုကရေစီမှာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ထောက်ပြသည်။

“ဒီဂျစ်တယ်မှာလည်း ခွင့်မပြုသလို အပြင်မှာလည်း တချိန်လုံး ဖုန်းစစ် စောင့်ကြည့်။ အဲဒီလို အခြေအနေနဲ့ တော့ ဒီမိုက‌ရေစီစနစ်ဆိုတာ ဘယ်လိုမှ သက်သေမပြနိုင်ပါဘူးဗျ။ အဲဒီတော့ ဒီမိုကရေစီကို တကယ် Serious ဆိုရင် ပထမဦးဆုံး သေချာတာတော့ ပြည်တွင်းရော ပြည်ပရော တစ်ကမ္ဘာလုံးနဲ့ တိုင်းတာတာက အဲဒီတိုင်း ပြည်မှာ သတင်းမီဒီယာလွတ်လပ်ခွင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဘယ်လောက်ရှိလဲဆိုတဲ့ စံနှုန်းမရှိဘဲနဲ့ တော့ ဒီမိုကရေစီကို ဖော်ဆောင်နေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးခင်ဗျ။”

အာဏာသိမ်း စစ်ခေါင်းဆောင်ဘဝမှ တပ်ချုပ်ရာထူးကို စွန့်ကာ သမ္မတဖြစ်လာသည့် ဦးမင်းအောင်လှိုင်၏ အလုံးစုံအာဏာလက်မလွှတ်ရေး ကြိုးပမ်းမှုသည် အာဆီယံနှင့် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှုကို မရရှိသေးပေ။

ထိုအခြေအနေတွင် ၎င်းအုပ်ချုပ်မည့် သက်တမ်း ၅ နှစ်အတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို အကောင်အထည်ဖော်မည်ဟု မကြာခဏ ပြောဆိုလေ့ ရှိသည်။

ထို့ကြောင့် စစ်တပ်အသွင်ပြောင်းအစိုးရ၏ ရက် ၁၀၀ စီမံချက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ပြီး၊ PDF များကိုမူ လက်နက်ချအလင်းဝင်ခိုင်းသည့် လုပ်ငန်းစဉ်များ ပါဝင်နေသည်။

တစ်ဖက်တွင်မူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများနှင့် တော်လှန်ရေးလှုပ်ရှား မှု အားကောင်းသည့် ဒေသများကို လေကြောင်းတိုက်ခိုက်မှုများနှင့် တန်ပြန်ထိုးစစ်များ အရှိန်အဟုန်မြှင့် လုပ် ဆောင်လျက်ရှိသည်။

စစ်တပ်သည် ၎င်းတို့လက်အောက်တွင် နေမှသာ ဗုံးကြဲခံရမှုမှ လွတ်မြောက်မည်ဟူသော သတင်းစကားကို ပြည်သူများသိအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က သုံးသပ်သည်။

“တဖက်မှာ ငြိမ်းချမ်းရေးခေါ်ထားပြီးတော့ တဖက်မှာ ဖိအား‌ပေးတဲ့ သဘောမျိုး ဒီဗျူဟာကို ကျင့်သုံးတယ် ပေါ့။ ပြင်းပြင်းထန်ထန် ဗုံးတွေ ကြဲတယ်၊ စစ်ကြောင်းတွေ ထိုးတယ်။ အဲဒီလိုလုပ်ပြီးမှ တစ်ဘက်မှာ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲခေါ်တယ်။ အဓိက သူတို့က ပြည်သူကို မက်ဆေ့ပေးတာ သူတို့ စိုးမိုးနယ်မြေ ဒါမှမဟုတ် သူတို့ရဲ့ လက်အောက်မှာ နေမှသာလျှင် ဗုံးကြဲခံရတာ လွတ်မယ်။ တကယ်လို့ အဲဒီလိုမဟုတ်ဘူးဆိုရင် မင်္ဂလာဆောင် လည်း မဟုတ်နဲ့ အလှူလည်း မဟုတ်နဲ့ တရားပွဲလည်း မလုပ်နဲ့ ဘာဆို ဘာမှမလုပ်နဲ့ သူတို့ စိုးမိုးနယ်မြေ မဟုတ် ရင်တော့ လူစုလူဝေးဆို ကြဲမှာပဲ။ ဒီလိုပုံစံမျိုး အမြင်မျိုးဖြစ်အောင် သူတို့ လုပ်တယ်။”

အာဏာသိမ်းမှု ကာလအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများအပါအဝင် မြို့နယ် ၆၀ ကို သမ္မတရုံးက အရေးပေါ် အခြေအနေကြေညာကာ စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်ခဲ့မှုကို ပြည်ထောင်စု လွှတ်တော်က ထောက်ခံအတည်ပြုထားသည်။

သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်အပေါ် လွှတ်တော်က ထောက်ခံအတည်ပြုခြင်းသည် လွှတ်တော် ကိုယ်စားလှယ်များက အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို တစ်နည်းတစ်ဖုံ ပံ့ပိုးပေးရာ ရောက်နေ သည်။

လက်ရှိတွင်လည်း စစ်တပ်အသွင်ပြောင်းအစိုးရသည် အဆိုပါ မြို့နယ် ၆၀ အတွင်းရှိ အရေးပါသော မြို့များကို အင်အားအလုံးအရင်း၊ မြေပြင်ဝေဟင်ပေါင်းစပ်အားဖြင့် တန်ပြန်ထိုးစစ်ဆင်ကာ လက်လွှတ်နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါ တန်ပြန်စစ်ဆင်ရေးများ လုပ်ဆောင်နိုင်ခြင်းမှာ စစ်မှုထမ်းဥပဒေဖြင့် နည်းမျိုးစုံစုဆောင်းရရှိထားသည့် တပ်သားသစ်များကို ကာလတိုသင်တန်းပေးကာ ရှေ့တန်းသို့ပို့၍ လူလှိုင်းဗျူဟာအဖြစ် အသုံးချနေခြင်းကြောင့် ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

လူ့အခွင့်အရေးလှုပ်ရှားသူများကမူ လူငယ်များကို စစ်ရေးဗျူဟာအဖြစ် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေခြင်း သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း ပြောဆိုနေကြသည်။

“လူငယ်တွေကို ပစ်မှတ်ထားပြီးတော့ သတ်ကွင်းထဲ ပို့နေတဲ့နှုန်းကလည်း တကယ့်ကို စိတ်ပျက်ဖွယ်ရာ ပိုများ လာတာ တွေ့ရတယ်။ ကျနော်တို့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွေမှာ လူငယ် ရှစ်သိန်းလောက်က ထိုင်း-မြန်မာနယ်စပ်မှာ စစ်မှုထမ်းရှောင်နေရဆဲ ဖြစ်တယ်။ တချို့လည်း ထိုင်းနဲ့ မလေးရှားဘက်ကို တရားမဝင် နည်းလမ်းတွေနဲ့ စစ်ရှောင်ရင်း အလုပ်သမားတွေ ဖြစ်ကုန်ကြတယ်။ ပြန်ပို့ခံရပြီး စစ်ထဲ အတင်းဓမ္မ ပြန်သွင်း တဲ့ ပုံစံတွေလည်း များလာတယ်” ဟု နိုင်အဲမွန်က ရှင်းပြသည်။

အာဏာသိမ်းစစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၆ ခုအထိ ဖွင့်လှစ်ခဲ့ကာ လက်ရှိတွင် အပတ်စဉ် ၂၃ အထိ သင်တန်းဆင်းပြီးဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း အကျပ်ရိုက် ရသလို မိသားစုဝင်များပါ စိုးရိမ်ပူပန်နေရသဖြင့် အဆိုပါဥပဒေကို ဖျက်သိမ်းရန် ပြည်သူများက ဆန္ဒရှိနေကြသည်။

သို့သော် လွှတ်တော် ကိုယ်စားလှယ်များမှာ စစ်မှုထမ်းဥပဒေကို ယာယီရပ်ဆိုင်းရန် သို့မဟုတ် ဖျက်သိမ်းရန် အဆိုတင်သွင်းခြင်းမရှိဘဲ၊ ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့် ငွေတောင်းခံသည့် ကိစ္စရပ်များကိုသာ တတိယအကြိမ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများတွင် မေးမြန်းနေကြခြင်း ဖြစ်သည်။

ဒေသခံပြည်သူတစ်ဦးကမူ လွှတ်တော်သည် စစ်တပ်က ကြီးစိုးထားပြီး စစ်တပ်အပေါ် လွှမ်းမိုးနိုင်စွမ်းမရှိသဖြင့် လူထုအတွက် အကျိုးထူးမည်မဟုတ်ဘဲ ရုပ်သေးလွှတ်တော်သာဖြစ်ကြောင်း ဝေဖန်သည်။

“လွှတ်တော်က စစ်တပ်ကို မလွှမ်းမိုးနိုင်ဘူးဆိုရင် ဘာထူးမှာလဲ။ သူ့ဟာသူ ဘာပဲပြောပြောပေါ့။ ကျနော်တို့က တော့ အဲဒီလိုပဲ မြင်တယ်။ လွှတ်တော်က ရုပ်သေးရုပ်လိုပါပဲ၊ ဘာမှ မထူးပါဘူး။ မွန်ပြည်နယ်မှာလည်း ဒီလိုပဲ လွှတ်တော်မှာ ပြောလိုက်ရင် မိုးလားကဲလား လုပ်လိုက်ရင် တလွဲကြီးပဲ။ အခုချိန်ဆိုလည်း ပြည်သူ့အကျိုးရှိ အောင် လုပ်မယ်ပြောပြီး ပြည်သူတွေကိုပဲ ရမယ်ရှာပြီး နေ့ရောညရော သတ်ဖြတ်နေတာ၊ ဘယ်လိုလုပ် ပြည်သူကို အကျိုးပြုမှာလဲ” ဟု ပြောသည်။

ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များ၏ အာဏာသိမ်းမှုနှင့် ယဉ်ပါးခဲ့သည့် မြန်မာနိုင်ငံတွင် မည်သည့် အာဏာ ရှင်မျှ ဒီမိုကရေစီစံနှုန်းများ၊ လူ့အခွင့်အရေးတန်ဖိုးများနှင့် ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာခဲ့ခြင်း မရှိပေ။

ထို့ကြောင့် အာဏာရှင်စနစ်တည်မြဲရေးအတွက် အုပ်ချုပ်မှုယန္တရားကို ဆုပ်ကိုင်ထားသည့် စစ်တပ်အသွင်ပြောင်း အစိုးရ လက်အောက်တွင် ပြည်သူများ၏ ဒီမိုကရေစီမျှော်လင့်ချက်သည် အလှမ်းဝေးနေဦးမည်သာ ဖြစ်သည်။

ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...
June 30, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ...