မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက် ရှိလာပြီဖြစ်ရာ ယာဉ်ပေါ်တင်ဆောင်လာသည့် ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်များ ပုပ်သိုးပျက်စီးနေ သဖြင့် ကုန်သည်များမှာ နီးစပ်ရာကျေးရွာများတွင် ထက်ဝက်ဈေးဖြင့် အရှုံးခံရောင်းချနေရသည်။
ဇွန်လ ၃၀ ရက်နေ့ကတည်းက စစ်ရေးတင်းမာမှုများကြောင့် နဘားလမ်းဆုံ - ကသာ လမ်းပိုင်းအပါအဝင် လမ်းပိုင်းအချို့ ပိတ်ထားရခြင်းဖြစ်ပြီး ကုန်တင်ကားများနှင့် ခရီးသည်တင်ကားအများအပြား ရှေ့ဆက် မသွား နိုင်ဘဲ လမ်းဘေးတွင် ရပ်နားစောင့်ဆိုင်းနေရသည်။
ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ကားသမားတစ်ဦးက “ငါးကားတွေဆိုလည်း နံနေပြီ။ ကွန်တိန်နာကားတွေဆို တော့ အဲယားကွန်းတွေနဲ့ အအေးပေးနေတာ။ မုန်လာထုပ်ကားတွေဆို လိုက်ရောင်းပေးနေတာ နီးစပ်ရာရွာတွေ ကိုပေါ့။ အောက်ကဟာတွေ ပုပ်ကုန်လို့တဲ့။ ခရမ်းချဉ်သီးဖာတွေရော ပါတယ်။ ဈေးကို ၁,၀၀၀ တန်ရင် ၅၀၀ နဲ့ရရင်ရမယ်ပေါ့ဗျာ။ အသားငါးတွေတော့ ဖောက်မရောင်းသေးဘူး။ ဒီတိုင်းပဲ အအေးပေးစက်တွေတော့ အချိန်တိုင်းနိုးနေတာ” ဟု ပြောသည်။
လမ်းပိတ်ထားမှု ကြာမြင့်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေးစရိတ်၊ လောင်စာဆီကုန်ကျစရိတ်နှင့် ကုန်ပစ္စည်းပျက်စီးမှုများကြောင့် ကုန်သည်များမှာ အရှုံးပေါ်နေကြသည်။
ဤအခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “လမ်းပိုင်းတွေ အမြန်ဆုံးပွင့်စေချင်ပါတယ်ဗျ။ ရှုံးတဲ့ကုန် သည်တွေလည်း အများကြီးရှုံးပြီးပြီ။ လမ်းမှာလည်း အများကြီး ဒုက္ခရောက်နေကြတယ်ပေါ့ဗျ။ စိတ်မ ကောင်းစရာတွေပါပဲ” ဟု ပြောသည်။
ကုန်တင်ကားများသာမက ခရီးသည်တင်ယာဉ်များလည်း လမ်းတွင်ပိတ်မိနေသဖြင့် ခရီးသွားပြည်သူများမှာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည်။
ဒေသခံအမျိုးသားတစ်ဦးက “အခုချိန်ထိ နဘားလမ်းဆုံနဲ့ ကသာမှာ လမ်းမဖွင့်သေးပါဘူး။ ပိတ်ထားဆဲပါ။ ဒီနေ့ဆိုရင် ပိတ်ထားတာ ၉ ရက်ရှိပြီပေါ့ဗျာ။ ခရီးသွားပြည်သူတွေလည်း ကြားညှပ်နေတယ်။ တချို့ခရီးသွား ပြည်သူတွေက လမ်းစရိတ်ပြတ်နေကြပြီ။ အိမ်နဲ့လည်း အဆက်အသွယ်မရ ဖြစ်နေကြတယ်။ မိသားစုတွေ ကလည်း စိတ်ပူနေကြတယ်” ဟု ပြောသည်။
မန္တလေး - မြစ်ကြီးနားလမ်းသည် ကချင်ပြည် အတွက် အဓိကကုန်စည်စီးဆင်းရာ လမ်းကြောင်းဖြစ်သော်လည်း နဘား - ကသာလမ်းပိုင်းနှင့် မဲဇာ - နန့်သဲ - အင်းတော် ရှောင်ကွင်းလမ်းပိုင်းများတွင် စစ်ရေးအခြေအနေကြောင့် လမ်းပိတ်ဆို့နေခြင်းဖြစ်သည်။
ရှောင်ကွင်းလမ်းများကို အသုံးပြုရန် ကြိုးစားသည့်ယာဉ်များမှာလည်း ကျေးရွာအလိုက် ပိတ်ဆို့မှုများကြောင့် ခရီးဆက်မသွားနိုင်ဘဲ လမ်းပြန်ဖွင့်မည့်ရက်ကိုသာ စောင့်ဆိုင်းနေကြရသည်။
ကုန်သည်များနှင့် ဒေသခံများမှာ လုံခြုံရေးပေးနိုင်သည့်နေရာများတွင် ယာယီသွားလာခွင့်ပြုရန် သို့မဟုတ် ကုန်စည်သယ်ယူပို့ဆောင်ရေး အတွက် နည်းလမ်းတစ်ခုခုကို အမြန်ဆုံးစီစဉ်ပေးရန် မျှော်လင့်နေကြသည်။







