တောင်ငူတွင် ကျုံးနှင့်မြို့ရိုးတူးဖော်မှု စီမံကိန်းကြောင့် ရပ်ကွက်အချို့ ရေကြီးနေ

တောင်ငူတွင် ကျုံးနှင့်မြို့ရိုးတူးဖော်မှု စီမံကိန်းကြောင့် ရပ်ကွက်အချို့ ရေကြီးနေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ရှေးဟောင်းမြို့ရိုးနှင့် ကျုံးများ ပြန်လည်တူးဖော်သည့် စီမံကိန်းကြောင့် ရေနုတ်မြောင်းစနစ် ပိတ်ဆို့ကာ ရေထွက်ပေါက်မရှိသဖြင့် ယခုနှစ်မိုးရာသီတွင် မြို့ပေါ်ရပ်ကွက်အချို့၌ ရေကြီး ရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှစတင်၍ ဆက်တိုက်လုပ်ဆောင်လာသည့် အဆိုပါစီမံကိန်းတွင် ကျုံးအတွင်း ရွှံ့နုန်းများတူးဖော်ခြင်းနှင့် မြေထိန်းနံရံများ တည်ဆောက်ခြင်းတို့ ပါဝင်သည်။

ထို့ကြောင့် မြို့အတွင်းရှိ ရေများ ကျုံးအတွင်းသို့ စီးဝင်မှုကို ပိတ်ဆို့ခံလိုက်ရသည့်အပြင် ရေလွှဲ၊ ရေထွက်ပေါက် များကို စနစ်တကျ ဆောင်ရွက်ထားခြင်းမရှိသောကြောင့် ယခုနှစ်မိုးရာသီတွင် တောင်ငူမြို့ အမှတ် (၂) ရပ်ကွက် နှင့် အမှတ် (၃) ရပ်ကွက်များ၌ ရေကြီးရေလျှံမှုနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

အမည်မဖော်လိုသည့် အမှတ် (၂) ရပ်ကွက်နေ အမျိုးသားတစ်ဦးက “အရင်ကဆို တောင်ငူမြို့ပတ်ပတ်လည် ကျုံးတွေထဲ ရေစီးဝင်တာ။ အခု ကျုံးထဲ အဝင်မခံတော့ ရေကြီးတာပေါ့။ ဒါက စီမံကိန်းဆိုတော့လည်း ဘယ်သူမှ ကျုံးထဲ ရေမဖောက်ချရဲဘူး” ဟု ပြောသည်။

ထို့ပြင် မြို့ပေါ်ရပ်ကွက်အချို့ ရေကြီးခြင်းတွင် စာသင်ကျောင်းများလည်း ပါဝင်နေသဖြင့် ကျောင်းသူ၊ ကျောင်းသားများအတွက် ကျန်းမာရေးပြဿနာများ ရှိလာနိုင်မည်ကိုလည်း မိဘများနှင့် မြို့ခံလူထုက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများက ကျုံးအတွင်းသို့ ရေဖောက်ချပေးခဲ့သော်လည်း၊ ယခုနှစ်တွင် တာဝန်ရှိသူအချို့ ရေကြီးသည့်ရပ်ကွက်များသို့ လာရောက်ကြည့်ရှုခြင်း ရှိသော်လည်း ကျုံးအတွင်း ရေဖောက်ချခွင့်မပြုသလို တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းလည်း မရှိသေးကြောင်း တောင်ငူမြို့ခံများက ပြောသည်။

မြို့ခံတစ်ဦးက “မိုးရာသီဆိုတော့ ခြင်ပေါက်ပွားနိုင်တယ်။ ကလေးသူငယ်တွေ ချော်လဲရင် အသက်အန္တရာယ် စိုးရိမ်ရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ တာဝန်ရှိသူတွေ၊ စည်ပင်တွေတော့ လာကြည့်သွားသေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ရေစီးရေလာ မကောင်းသည့်အတွက် တောင်ငူမြို့တွင် မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု ဖြစ်လေ့ရှိသည်။

၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအနှံ့ မိုးရွာသွန်းမှုများပြားပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များလည်း ပါဝင်ခဲ့ပြီး လူသေဆုံးမှုများအထိ ဖြစ်ပေါ် ခဲ့ဖူးသည်။

July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...
July 23, 2026
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV)...
July 22, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် မင်းလက်ပံဒေသများတွင် တိုက်ပွဲများအတွင်း အထိနာနေသည့်...