မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူ ချင်းရှေ့နေတစ်ဦး နိုင်ငံတကာဆု ဆွတ်ခူး

မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူ ချင်းရှေ့နေတစ်ဦး နိုင်ငံတကာဆု ဆွတ်ခူး

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား လွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို အပြည်ပြည်ဆိုင်ရာ ရှေ့နေများအသင်း (IBA) က ၂၀၂၆ ခုနှစ်၊ လူ့အခွင့် အရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု ချီးမြှင့်လိုက်သည်။

ယခုကဲ့သို့ IBA ဆုကို ဆွတ်ခူးရရှိခြင်းသည် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် ရပ်တည် ပေးနေသည့် ရှေ့နေများနှင့် အရပ်ဘက်အဖွဲ့အစည်းအားလုံးအတွက် နိုင်ငံတကာက ပေးအပ်သည့် အသိအမှတ်ပြုမှု တစ်ရပ်ဖြစ်ကြောင်း ဒေါ်ဇာလီအေးက Chin World Media သို့ ပြောသည်။

၎င်းက ဆက်လက်၍ “အပြည်ပြည်ဆိုင်ရာ ရှေ့နေအသင်းက ပေးအပ်တဲ့ဆုနဲ့ပတ်သက်ပြီး ကျမအတွက် ဂုဏ်ယူစရာတစ်ခုသာမက ပိုမိုကြီးမားသော တာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်” ဟု ပြောသည်။

ဒေါ်ဇာလီအေးသည် ယခုနှစ်အတွင်း ရှေ့နေများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ များကို နိုင်ငံတကာဥပဒေ၊ တရားစီရင်ရေးလုပ်ထုံးလုပ်နည်းနှင့် လက်တွေ့ကျင့်သုံးမှုဆိုင်ရာ သင်တန်းများနှင့် နည်းပညာပံ့ပိုးမှုများကို ပေးအပ်ခဲ့သည်။

ထို့ပြင် ၎င်းသည် နိုင်ငံတစ်ဝန်းရှိ ဥပဒေပညာရှင်များနှင့် လစဉ်ဆွေးနွေးပွဲများ ပြုလုပ်ကာ မြေပြင်မှ ဥပဒေ ပြောင်းလဲမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စိန်ခေါ်မှုများကို စုစည်းသုံးသပ်၍ ပြည်တွင်း၊ ပြည်ပ မူဝါဒရေးရာဆွေးနွေးမှုများအတွက် အထောက်အကူပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေး အတွက် စိန်ခေါ်မှုများ သည် အလွန်ရှုပ်ထွေးပြီး အပြန်အလှန်ဆက်နွယ်နေကြောင်း ဒေါ်ဇာလီအေးက ထောက်ပြသည်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ သက်သေစုဆောင်းခြင်းနှင့် ဥပဒေအကူအညီပေးခြင်း လုပ်ငန်းများအတွက် လုံခြုံရေးသည် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲဖြစ်သည်။

တရားရေးကဏ္ဍတွင်လည်း စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရဆဲဖြစ်ပြီး ဒေါ်ဇာလီအေးက “ရှေ့နေတွေ အမှုသည်တွေ အတွက် ဥပဒေအရ ကာကွယ်ပေးရာမှာ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အခက်အခဲတွေ၊ တရားရုံးဝင်ရောက်ခွင့်နဲ့ အမှုလိုက်ပါဆောင်ရွက်ရာမှာ ကန့်သတ်ချက်တွေကို ရင်ဆိုင်နေကြရပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် တရားမျှတမှု ဖော်ဆောင်ရေးအတွက် ကိုယ်ကျိုးစွန့် အားထုတ်ကြိုးပမ်းခဲ့သည့် ဒေါ်ဇာလီအေး၏ လုပ်ဆောင်ချက်များကို နိုင်ငံတကာအဆင့်က ယခုကဲ့သို့ အသိအမှတ်ပြု ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...