မြတန်ဆောင်းမှ ကျောင်းသူတစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်သူများကို အရေးယူရန် တိုင်ကြားသော်လည်း ရဲက မျက်ကွယ်ပြုဟုဆို

မြတန်ဆောင်းမှ ကျောင်းသူတစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်သူများကို အရေးယူရန် တိုင်ကြားသော်လည်း ရဲက မျက်ကွယ်ပြုဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဆင်ချဆိပ် ရက်ကွက်ရှိ မြတန်ဆောင်းဘုန်းတော်ကြီးသင်ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသူတစ်ဦးအား အသက် ၂၀ ကျော် လူငယ် ၃ ဦးက ကိုယ်ထိ လက်ရောက် ကျူးလွန်ရန် ကြံစည်မှုတစ်ခုဖြစ်ပွားခဲ့သော်လည်း ၎င်းလူငယ် ၃ဦးအား အရေးယူရန် ရဲက မျက်ကွယ်ပြုခဲ့သည်ဟု လက်ရှိ ယာယီကျောင်းထိုင်နေသည့် ဆရာတော်က နိရဥ္စရာသို့ မိန့်ကြားသည်။

“ဒီဖြစ်စဉ်ကဟုတ်ပါတယ်။ ကျောင်းသူ/သားတွေရဲ့ လေ့လာရေးခရီးစဉ်ရန်ပုံငွေအတွက် ကျောင်းသူလေးတွေက သျှစ်သောင်းဘုရားပွဲမှာ စျေးရောင်းပြီးပြန်လာတဲ့အခါ လယ်ကွင်းမှာ ကလေးမလေးတွေကို ဆွဲလားရမ်းလားလုပ်တာပါ။ ဒါကို ရဲကို တိုင်ကြားပေမယ့် အခုအချိန်ထိ အရေးမယူဘူး။ မျက်ကွယ်ပြုထားပါတယ်” ဟု ယာယီကျောင်းထိုင်နေသည့် ဆရာတော် ဦးသဘာဝနဒီက မိန့်ကြားသည်။

ပြစ်မှုကျူးလွန်သူများမှာ အသက် ၂ဝ ကျော်အရွယ် လူငယ် ၃ ဦးတို့ဖြစ်ပြီး အခင်းဖြစ်ပွားသည့် ည ၁၁ နာရီကျော်အချိန်တွင် လူအုပ်က ဝိုင်းဖမ်းမှုကြောင့် ကျူးလွန်သည့်လူငယ် ၃ ဦးအနက် အောင်မင်္ဂလာ ရပ်ကွက်နေ လူငယ် ၁ ဦးကို ဖမ်းမိခဲ့သည်ဟုဆိုသည်။

“ဖမ်းမိတဲ့သူကို ပေးဖို့အတွက် ရဲစခန်းကိုဖုန်းဆက်တော့ ဆက်မရဘူး။ ဒါနဲ့ သျှစ်သောင်းဘုရားပွဲက လုံခြံုရေးရဲဆီမှာ အပ်လိုက်တယ်။ အခုချိန်ထိ အရေးမယူသေးဘူး”ဟု ဦးသဘာဝနဒီက ဆက်လက် မိန့်ကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းအားဆက်သွယ်ရာ “ဒီကိစ္စကို လာအပ်တာလည်း မရှိဘူး၊ အမှုလာဖွင့်တာလည်း မရှိဘူး”ဟု ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူအမည်များကို နိရဥ္စရာက ဆက်သွယ်စုံစမ်း၍ မရခဲ့ပါ။

မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မူလတန်းနှင့် အထက်တန်းအထိ ကျောင်းသူ/သား ၂၁ဝ ကျော်ရှိသည်ဟု သိရသည်။

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...