ရခိုင်တွင် ဆေးတက္ကသိုလ်ဖွင့်မည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

ရခိုင်တွင် ဆေးတက္ကသိုလ်ဖွင့်မည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး ယခုနှစ်အတွင်း သူနာပြု ၁၂ဝ ကို သင်တန်းပေးရန် စီစဉ်ထားသည်ဟု အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြည်ပသတင်းဌာနတစ်ခုဖြစ်သည့် The Diplomat က ယမန်နေ့ မေလ ၄ ရက်နေ့ ထုတ်ဝေသည့် လူချင်းတွေ့ဆုံမေးမြန်းခန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်မှာ ဆေးတက္ကသိုလ်နဲ့ သူနာပြုသင်တန်းကျောင်း ဖွင့်လှစ်ဖို့ ဆုံးဖြတ်ထားပြီး ဒီအစီအစဉ်အတွက် ကျွန်တော်တို့ အလွန်စိတ်အားထက်သန်နေပါတယ်။ ဒီနှစ်မှာ သူနာပြု ၁၂၀ ကို သင်တန်းပေးဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာ ဆရာဝန် ၅၀ ကနေ ၆၀ အထိ ရှိနေပြီး မကြာခင်မှာ နောက်ထပ် ဆရာဝန်တွေ ပူးပေါင်းလာဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ရခိုင်တွင် ဆရာဝန်နှင့် ဆေးဝါးများလည်း အကြီးအကျယ်ပြတ်လပ်နေမှုကို The Diplomat သတင်းဌာနက မေးခွန်းထုတ်သည့်အပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနေသလို ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုကောင်းလာအောင် ကြိုးစားနေပါတယ်။ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ ပိုရလာအောင်၊ ဆေးဝါးတွေ ပုံမှန်စီးဆင်းမှုရှိအောင်၊ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပိုမိုခန့်အပ်နိုင်အောင် ဆောင်ရွက်နေပါတယ်”ဟု ဆိုသည်။

AA နှင့်ပူးပေါင်းလိုသည့် ဆရာဝန်နှင့် သူနာပြုများကို မည်သည့်လူမျိုးကိုမဆို ကြိုဆိုသည်ဟုလည်း ပြောသည်။

ရခိုင်ပြည်တည်ဆောက်ရေး အခန်းကဏ္ဍတွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အာရက္ခသူနာပြုသိပ္ပံကျောင်းကိုလည်း AA က ဖွင့်လှစ်ရန် စီစဉ်ထားသည်။

အဆိုပါကျောင်းဝင်ခွင့်လျှောက်လွှာကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် စတင်ခေါ်ယူခဲ့သည်ဟု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာန၏ ဇန်နဝါရီလ (၃၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း အသက် ၂၅ နှစ်အောက် အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ခေါ်ယူခဲ့သည်။

ယင်းအပြင် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ပြီး အခက်အခဲဖြစ်နေကြသည့် ရခိုင်ပြည်သူများအတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် ဆေးပဒေသာစိုက်ထူနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားသည်။

အလားတူ ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း အသက်၂၅ အောက်အမျိုးသမီးများအတွက် သားဖွားအတတ်အပညာသင်တန်းလျှောက်လွှာကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ခေါ်ယူခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂)သင်တန်းကို သင်တန်းသား ၁ဝဝ ခန့်ဖြင့် ဖွင့်လှစ်ခဲ့သေးသည်။

လက်ရှိ ရခိုင်တွင် ကျန်းမာရေးဝန်ထမ်းများမလုံလောက်ခြင်းကြောင့် ကျေးလက်နေပြည်သူများအခက်ခဲကြုံနေရသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ လမ်းပိတ်ဆို့ထားမှုကြောင့် ဆေးဝါးများလည်းရှားပါးနေသည်ဟု ဒေသခံများက ပြောသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...