PDF-Zoland ရဲဘော်၏ ရုပ်အလောင်းကို လိုင်ဇာမြို့မှာ သင်္ဂြိုဟ်

PDF-Zoland ရဲဘော်၏ ရုပ်အလောင်းကို လိုင်ဇာမြို့မှာ သင်္ဂြိုဟ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံ စစ်သင်တန်းတက်ရောက်ရန်စေလွှတ်သော ရဲဘော် Tg. Mung Sian Tuang သည် ကျန်းမာရေးအခြေအနေကြောင့် ဆုံးပါးသွားပြီး လိုင်ဇာမြို့မှာပဲ သင်္ဂြိုဟ်ခဲ့ကြသည်ဟု သိရသည်။ 

ဖြစ်စဉ်မှာ Tg. Mung Sian Tuang သည် PDF-Zoland တပ်ဖွဲ့က စစ်မှုထမ်းရန်အတွက် ပြီးခဲ့သည့် မတ်လတုန်းက ခေါ်ဆောင်သွားပြီးနောက် ကချင်လွတ် လပ်ရေးတပ်မတော် KIA ထံစစ်သင်တန်းတက်ရောက်ရန်ပို့ဆောင်ခဲ့သည်ဟု သိရသည်။ 

ထို့သို့ ပိုဆောင်ပြီးနောက် စစ်သင်တန်းတက်နေစဉ်မှာ ကျန်းမာရေးမကောင်းသည့်အတွက် လိုင်ဇာမြို့ဆေးရုံးမှာ ကုသမှုခံယူနေစဉ် မေလ ၁၆ ရက်နေ့က ကွယ်လွန်သွားခြင်းဖြစ်သည်ဟု Tg. Mung Sian Tuang ၏ အမဖြစ်သူထံမှသိရသည်။ 

ရုပ်အလောင်းကို ဇာတိမြေချင်းပြည်နယ်သို့ ပြန်လည်သယ်ယူရန်အခြေအနေအရ မဖြစ်နိုင်သောကြောင့် မေလ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် ကချင်နှစ်ခြင်းဆရာတော်များကို ပင့်ဖိတ်ကာ လိုင်ဇာဒေသမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြသည်ဟု အမဖြစ် သူကပြောသည်။ 

“အဖေဆို နေ့ရောညရော ထမင်းတောင်မစားနိုင်ဘူး။ အလောင်းတော့ ပြန်ရချင်တယ်ပြောလိုက်တော့ သူတို့ကလမ်းခရီး အရမ်းဝေးတယ်ပေါ့နော်။ ကချင်ပြည်နယ်လိုင်ဇာဆေးရုံမှာဆိုတော့လေ။ ပြီးတော့ အဲဒီနေ့မှာပဲ မဆုံးခင် မောင်လေးက အသက်ရှူခက်ခဲနေတယ်။ နေမကောင်းဘူးလို့ အကြောင်းကြားလာတယ်။ နောက် ၅ မိနစ်တောင် မကြာဘူး။ ဆုံးသွားပြီဆိုပြီး ပြောတယ်။ 

ကချင်နှစ်ခြင်းဆရာတွေခေါ်ပြီးတော့ မြေမြှုပ်သင်္ဂြိုဟ်ပေးမယ်လို့ ပြောတာ။ မောင်လေးကို မနေ့က ဂြိုလ်လိုက် တယ်လို့ ပြောပါတယ်။ သင်္ဂြိုဟ်တာကတော့ ကောင်းကောင်းသဂြိုလ်ပေးတယ်။ သင်္ဂြိုဟ်တုန်းက ဓါတ်ပုံတွေလည်း ပို့ပေးကြ တယ်။ ဆရာ Gideon ပြောတော့ သင်တန်းတက်ဖို့ ပို့လိုက်တာလို့ပြောပါတယ်။” ဟု အမဖြစ်သူက ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ PDF-Zoland က မေလ ၁၆ ရက်နေ့စွဲဖြင့် အမိန့်ပြန် တမ်းထုတ်ပြန်ကာ Tg. Mung Sian Tuang (အသက် ၁၉ နှစ်) သည် တိုင်းပြည်လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် PDF-Zoland ၌ တာဝန်ထမ်း ဆောင်နေစဉ် မေလ ၁၆ ရက်နေ့မှာ မြင့်မြတ်စွာကျဆုံးသွားသည်ဟု ဖော်ပြထားသည်။ ရဲဘော်၏ ကျဆုံးမှုသည် မိမိတို့တပ်ဖွဲ့ တစ်ခုလုံးအတွက်သာမက မိဘပြည်သူတစ်ရပ်လုံးအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်သည်ဟု ဖော်ပြထားသည်။ 

Tg. Mung Sian Tuang သည် Valvum ရွာနှစ်ခြင်းအသင်းတော်မှာ Drum တီးခတ်ခြင်းဖြင့် အမှုတော်မှာ ပါဝင်ဆက်ကပ်သောလူငယ်တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က ရွာမှ တီးတိန်မြို့သို့ ဂီတာတီးခတ်ရန် သူငယ် ချင်းဖြစ်သူ နှင့်အတူ သွားရောက်စဉ် တီးတိန်မြို့အဝင်မရောက်ခင် Dimlo ရွာထိပ်တွင် PDF- Zoland အဖွဲ့က ၎င်းတို့နှစ်ဦးလုံးကို ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

သူငယ်ချင်းဖြစ်သူမှာ အိမ်ထောင်နှင့် မီးဖွားကာစ ဇနီးသည်ရှိသူတစ်ဦးဖြစ်သည့်အတွက် ၎င်း၏ဖခင်ဖြစ်သူက  လိုက်လံ တောင်းဆိုရာမှာ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း၊ Tg. Mung Sian Tuang မှာမူ ဆက်လက်ထိန်းသိမ်းခံရပြီးနောက် စစ်သင်တန်းတက်ရန် ပို့ခံရသည်ဟု သိရသည်။ 

၎င်းမှာ ၂၀၁၆ ခုနှစ်တွင် ငှက်ဖျားရောဂါကို  ပြင်းထန်စွာ ခံစားခဲ့ဖူးပြီး၊ ကျောက်ကပ်ဝေဒနာနှင့် အကြောတက်ရောဂါတို့ ကြောင့် ရာသီဥတုအေးပါက ရောဂါပြန်ထလေ့ရှိသဖြင့် မကြာခဏ ဆေးခန်းပြနေရသူတစ်ဦး ဖြစ်ကြောင်း အမဖြစ်သူက ပြောသည်။ 

PDF-Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်နှင့်ပတ်သက်၍ထုတ်ပြန်ရာမှာ “အသက်မပြည့်သူများ၊ ကျန်းမာရေးမကောင်း သူများ၊ မောင်နှမထဲတွင် ယောက်ျားလေးသားတစ်ယောက်တည်း ရှိသူများကို ပြန်လွှတ်ပေးမည်” ဟု ကြေညာထား သော်လည်း ၎င်းတို့၏ မောင်လေးမှာ ပြန်လည်လွတ်မြောက်လာခြင်းမရှိကြောင်း အမဖြစ်သူကပြောသည်။ 

၎င်းတို့ မိသားစုသည် နွေဦးတော်လှန်ရေးအစကနဦးတည်းကနေ တော်လှန်ရေးအတွက် တတ်နိုင်သမျှ ပံ့ပိုးပေးခဲ့ကြောင်း၊ သားဖြစ်သူဖမ်းဆီးခံရပြီးနောက် ဖခင်ဖြစ်သူက ဆေးမှတ်တမ်းများဖြင့် လိုက်လံရှာဖွေရင်း မျှော်လင့်တစ်ကြီးနှင့် စောင့်မျှော်နေခဲ့ကြကြောင်း အမဖြစ်သူကပြောသည်။ 

“PDF ဆို အမှန်တရားမှာ ရပ်တည်တဲ့သူဆိုပြီး အားပေးထောက်ခံခဲ့ပါတယ်။ နိုင်ငံရေးစဖြစ်ကတည်းကနေ အခုချိန်ထိ ဘာမှကြီးကြီးမားမားမထောက်ပံ့နိုင်ရင်တောင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပေးတယ်။ အဖေဆို ရှိတဲ့ ဆန်၊ ဆီကအစ ရှိတဲ့ဟာလေးကို မျှပေးလေ့ရှိပါတယ်။ မောင်လေးအဖမ်းခံရပြီးနောက် အဖေက အရမ်းစိတ်ပူပြီး ဆေးမှတ်တမ်း အစုံနဲ့ နေ့တိုင်းနီးပါး သွားရှာတယ်။ သူပြန်လာမယ့်အချိန် မောင်လေးလည်း ပါလာမလားဆိုပြီး ကျွန်မတို့ မျှော်လင့်တကြီးနဲ့ အမြဲစောင့်မျှော်နေခဲ့ပေမဲ့ ပါမလာဘူး။” ဟု အမဖြစ်သူက ပြောသည်။ 

PDF Zoland သည် မတ်လ ၂၄ ရက်နေ့မှာ တီးတိန် နှင့် တွန်းဇံမြို့နယ်အတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အမျိုးသား/ အမျိုးသမီး မခွဲခြားဘဲ အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာခဲ့သည်။ 

ထို့အပြင် စစ်မှုထမ်း ကင်းလွတ်ခွင့် မူဝါဒကိုလည်း ထုတ်ပြန်ခဲ့ပြီး  အသက်မပြည့်သေးသူများနှင့် ပညာသင် ကြားဆဲ ကျောင်းသားများ၊ မိသားစုအတွင်း တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ ရှိနှင့်ပြီးသူများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ မသန်စွမ်းသူများနှင့် မိသားစုတွင် တစ်ဦးတည်းသော သား သို့မဟုတ် သမီး ဖြစ်သူများကို ကင်းလွတ်ခွင့်ပြု ထားသည်ဟု ဖော်ပြထားသည်။

May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...
May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...