ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇ ဦးသည် လက်နက်နှင့်အတူ စစ်တပ်ထံ ပူးပေါင်းသွားသည်ဆိုသည့် သတင်းမှာ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်ချိမှု သက်သက်သာ ဖြစ်ကြောင်း PDF-Zoland စစ်ဦးစီးချုပ် Greenland Gideon က ပြောသည်။
စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များက PDF-Zoland တပ်ရင်း (၄) မှ တပ်ဖွဲ့ဝင် ၇ ဦးသည် ဩဂုတ် လ ၅ ရက်နေ့က တီးတိန်မြို့ရှိ စစ်တပ်ထံ လက်နက်များနှင့်အတူ ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း ဩဂုတ်လ ၁၃ ရက်နေ့တွင် ဝါဒဖြန့်ချိ ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူများ ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းမှား ဝါဒဖြန့်ချိမှုသက်သက်သာ ဖြစ်ကြောင်း PDF-Zoland စစ်ဦးစီးချုပ် Greenland Gideon က ပြောဆိုသည်။
“ဒီလို စစ်တပ်ဘက် ပူးပေါင်းတာမျိုး မရှိပါဘူး။ ဒါက ဝါဒဖြန့်ချိမှုသက်သက် ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ထုတ်လွှင့်ခဲ့သည့် ဝါဒဖြန့် ရုပ်သံမှတ်တမ်းပါ PDF-Zoland တပ်ဖွဲ့ဝင်တစ်ဦး ဆိုသူ၏ ပြောဆိုချက်များသည်လည်း သဘာဝမကျဘဲ လုပ်ကြံဖန်တီးထားမှုများသာ ဖြစ်ကြောင်း ဒေသခံများက ထောက်ပြကြသည်။
ဒေသခံ ချင်းအမျိုးသမီးတစ်ဦးက "သူတို့ရဲ့ ထုတ်ပြန်ချက်ကို နားထောင်ကြည့်တော့ အဲ့ဒီ ၇ ယောက်ထဲက တစ်ယောက်က PDF တွေရဲ့ မကောင်းကြောင်းတွေ၊ လူမှုရေးဖောက်ပြန်မှုတွေကအစ ပြောပြီး ဥပဒေဘောင် အတွင်း အေးချမ်းစွာ နေထိုင်သွားပါမယ်လို့ ပြောတယ်။ ဒါပေမဲ့ သေချာနားထောင်ကြည့်ရင် ချင်းအသံ လုံးဝ မပေါက်ဘူး။ အများအားဖြင့် PDF-Zoland ဆိုတာ တီးတိန်နဲ့ ဒီဒေသခံတွေပဲ ဝင်ကြတာပါ။ အခု ဗီဒီယိုထဲက သူက ဗမာစကားပြောတာ မွတ်နေတာပဲ။ စစ်တပ်က လုပ်ကြံရင်တောင် သဘာဝကျကျ မလုပ်တတ်ဘူးပဲ" ဟု ပြောသည်။
လက်ရှိ တီးတိန်မြို့နယ်အတွင်း စစ်ရေးအခြေအနေမှာ ငြိမ်သက်လျက်ရှိသော်လည်း စစ်တပ်က တီးတိန်နှင့် သိုင်းငဲင်းကြား၊ တွန်ဇံမြို့နယ်ဘက်များတွင် တပ်ချိန်းမှုများ ဆက်လက်ပြုလုပ်လျက်ရှိနေသည်။







