ချင်းပြည်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း တရားမဝင် လက်နက်နှင့် ဖောက်ခွဲ ရေးပစ္စည်းများ သိုလှောင်၊ သယ်ယူ၊ ရောင်းချခြင်းများကို လုံးဝခွင့်မပြုဘဲ လိုက်နာခြင်း မရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Thantlang Peng Council (TPC) / Chinland Defense Force-Thantlang က ဩဂုတ်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ပြည်သူလူထု လုံခြုံရေးနှင့် ဒေသတည်ငြိမ်ရေးအတွက် ခွင့်ပြုချက်မရှိဘဲ စစ်ရေးသုံး လက်နက်၊ ဖောက်ခွဲရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်း၊ သယ်ယူ၊ ထုတ်လုပ်နှင့် ရောင်းချခြင်းများ လုံးဝ မပြုလုပ်ရန် တားမြစ်ထားခြင်း ဖြစ်သည်။
CDF - ထန်တလန် ပြောရေးဆိုခွင့်ရှိသူက “နယ်မြေအတွင်းမှာ မဖြစ်သင့်တာ မဖြစ်အောင် ရပ်ရွာငြိမ်းချမ်း ရေး၊ လုံခြုံရေးအတွက်ရယ်၊ နောက် ပြည်သူတွေအနေနဲ့ ဥပဒေအောက်မှာ ရှိနေပါတယ်ဆိုတဲ့ အသိကိုလည်း ပေးချင် တာဖြစ်ပါတယ်။ အရင်ကဆို လွတ်လွတ်လပ်လပ်နဲ့ ပေါက်ကွဲတတ်တဲ့ လက်နက်ခဲယမ်းတွေကို ကိုယ် ပိုင်ရောင်း ချတာ၊ သိမ်းဆည်းထားတာ မျိုးတွေ ရှိနေနိုင်တယ်။ နောက်နောင်မှာ အချင်းချင်းကြား လက်နက် သုံးပြီး မလိုလားတဲ့ ပြဿနာတွေ ကြိုတင်ရှောင်ရှားလို့ရအောင် ဆိုပြီး ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့အပြင် ပြည်သူများ သာမက တော်လှန်ရေး ရဲဘော်များပါ တရားဝင် ခွင့်ပြုချက်ပါမှသာ လက်နက် သယ်ယူ ခွင့်ရှိမည်ဖြစ်ပြီး မှောင်ခိုလုပ်ငန်းများကို ကြိုတင်တားဆီးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
အလားတူ တောတောင်နှင့် ကျေးရွာများအကြား ကျန်ရစ်ခဲ့သည့် ဒရုန်း၊ သေနတ်၊ ဗုံး စသည့် စစ်ရေးသုံး ပစ္စည်းများတွေ့ပါက မိမိကိုယ်ကျိုးအတွက် မရောင်းချဘဲ တာဝန်ရှိသူများထံ အမြန်ဆုံး အသိပေး အကြောင်း ကြားရန် သတိပေးထားသည်။
၎င်းက “လက်ရှိမှာ အရေးယူခံရသူ မရှိသေးပါဘူး။ တော်လှန်ရေးဘက်ကနေဖြစ်စေ၊ စစ်တပ်ဘက်ကနေ ဖြစ် စေ ကျန်ရစ်ခဲ့တဲ့ လက်နက်ခဲယမ်းတွေ ရှိနေနိုင်တယ်။ စစ်တပ်တွေ ဝှက်ထားတဲ့ လက်နက်ခဲယမ်းတွေ စသဖြင့် ရှိနေနိုင်တာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ လက်နက်ခဲယမ်းတွေ တွေ့ရင် တာဝန်ရှိသူတွေထံ အကြောင်း ကြား အပ်နှံဖို့ အသိပေးပါတယ်” ဟု ဆက်ပြောသည်။
ယခု ထုတ်ပြန်ထားသည့် စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ပါက ချင်းလန်းကောင်စီ၏ လက်နက်ခဲယမ်း ဆိုင်ရာ ဥပဒေများ အပါအဝင် သက်ဆိုင်ရာ နယ်မြေစိုးမိုးရေး ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု သတိပေးထားသည်။
အဆိုပါ ထုတ်ပြန်ချက်သည် တော်လှန်ရေးကာလအတွင်း CDF-Thantlang အနေဖြင့် ပြန်လည်ပြင်ဆင် ထုတ်ပြန်ခြင်း မရှိသမျှ ကာလပတ်လုံး အတည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။







