ချင်း - မကွေး အစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF - KKG ၏ တပ်ရင်း (၆) ဥက္ကဋ္ဌ အပါအဝင် ရဲဘော် ၃ ဦးတို့သည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း CDF–KKG နှင့် ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ဩဂုတ်လ ၁၂ ရက်နေ့၊ ည ၁၁ နာရီ ၁၁ မိနစ်ခန့်တွင် ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာ၊ ရာဇမုနိဘုန်းကြီးကျောင်း ကုန်းအနီး၌ CDF - KKG တပ်ရင်း (၆) ဥက္ကဋ္ဌ ရဲဘော်ဘဖြိုး၊ ရဲဘော်မဲကြီးနှင့် အခြားရဲဘော် ၁ ဦးတို့မှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
CDF - KKG တပ်ဖွဲ့မှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဉ်မှာ စုံစမ်းစစ်ဆေးမှုများ ဆောင် ရွက်နေဆဲ ဖြစ်သည့်အတွက် လတ်တလောတွင် ဖြေဆိုရန် မရှိသေးကြောင်းနှင့် အဆိုပါ ဖြစ်စဉ်သည် KKG အတွက် ဆုံးရှုံးမှုကြီးမားကြောင်း ပြောဆိုသည်။
တော်လှန်ရေးအဖွဲ့များအချင်းချင်း လက်နက်အားကိုး၍ သတ်ဖြတ်မှုကို လက်မခံဘဲ နစ်နာသူများ တရားမျှတမှု ရရှိအောင် ဆောင်ရွက်မည်ဟု မကွေးဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ် ရဲထွန်းဇော်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
မကွေးတော်လှန်ရေးအင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် ရဲထွန်းဇော်က “မကွေးဖက်ဒရယ် ယူနစ် အတွင်းက တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ ရည်ရွယ်ချက် မရှိဘဲ ဖြစ်ခဲ့သည်ဖြစ်စေ၊ ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကြား လက်နက် အားကိုး အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ကျွန်တော့်အနေနဲ့ လုံးဝ လက်မခံပါ၊၊ ဒီတော်လှန်ရေး ကာလ အတွင်းမှာပဲ နစ်နာသူ၊ နစ်နာသူ၏မိသားစုများ၊ အဖွဲ့အစည်းများ တရားမျှတမှု ရရှိနိုင်ရေးအတွက် ကျနော် အစွမ်းကုန် ကြိုးစားသွားပါ့မယ်” ဟု ပြောသည်။
သတင်းဌာနအချို့တွင် အဆိုပါ လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်သူများမှာ ကနဦး သတင်းများအရ Black Dragon Force တပ်ဖွဲ့မှဖြစ်ပြီး လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေကြောင်း ရေးသားဖော်ပြနေကြ သော် လည်း ခိုနူမ်းသုန်သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Black Dragon Force သည် မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားသော လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။
၂၀၂၆ ခုနှစ် မတ်လကလည်း ဂန့်ဂေါမြို့နယ်၊ ရေမျက်နီကျေးရွာအနီးတွင် YDF (ဗဟို) တပ်ဖွဲ့၏ ပစ်ခတ်တိုက်ခိုက် မှုအတွင်း YDF (ခွဲထွက်) တပ်ဖွဲ့မှ စစ်ဒေသမှူး ဗိုလ်ကြီးကောင်းကောင်းနှင့် တပ်ကြပ်စိုင်းဇော်ဝင်းတို့ ၂ ဦး ကျဆုံး ပြီး အခြား ၂ ဦးလည်း ဒဏ်ရာများ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။







