စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး ယန္တရား လုပ်ငန်းများ ပြန်လည်စတင်ခဲ့သော်လည်း စစ်ဘေးရှောင်ပြည်သူ အများစုမှာမူ နေရပ်သို့ မပြန်ရဲကြ သေးကြောင်း ဒေသခံများက ပြောသည်။
ခမ်းပတ်မြို့ စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေးမှ တာဝန်ရှိသူက “အခုထိတော့ မြို့ရဲ့ ငါးပုံတစ်ပုံလောက်ပဲ ရှိဦးမယ်။ အမှတ် (၂) ကတော့ ၃၀၀ ကနေ ၄၀၀ လောက် ရောက်ပြီလို့ ပြောတယ်။ အမှတ် (၁) ကတော့ လုံးဝမပြန်ဖြစ်သေးဘူး။ အမှတ် (၃)၊ အမှတ် (၄) တို့က ပြန်တဲ့သူတွေ ရှိတော့ရှိတယ် အဲလောက် ကြီး မများဘူး၊ အယောက်တစ်ရာ ဝန်းကျင်လောက်ပဲ ရှိမယ်။ တော်တော်များများ မပြန်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ခမ်းပတ်မြို့တွင် အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်နိုင်ရန် စစ်တပ်လက် အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများကို စေလွှတ်ခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများလည်း နေရပ်ပြန်နိုင်ပြီဖြစ် ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ခမ်းပတ်မြို့ပေါ်တွင် ရပ်ကွက်ကြီး ၅ ရပ်ကွက် ရှိကာ ခန့်မှန်းခြေ အိမ်ထောင်စု ၃,၀၀၀ မှ ၄,၀၀၀ အကြား ရှိပြီး လူဦးရေ တစ်သောင်းကျော်ခန့် နေထိုင်ကြသည်။
လက်ရှိအထိ အမှတ် (၂) ရပ်ကွက်တွင် နေရပ်ပြန်သူ အများဆုံးဖြစ်ပြီး အခြားရပ်ကွက်များသို့ အနည်းငယ်စီသာ ပြန်ဝင်လာသူများ ရှိကြောင်း ခမ်းပတ်မြို့ စစ်ဘေးရှောင်များ ကူညီကယ်ဆယ်ရေးနှင့် စောင့်ရှောက်ရေး တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။
အဆိုပါ တာဝန်ရှိသူက “တချို့က သူတို့ စကစတွေ ရှိနေကြတယ်ဆိုတော့ လူငယ်ရှိတဲ့ မိသားစုတွေပေါ့ ဥပမာ - ၁၄ နှစ်၊ အနှစ် ၂၀ ကြား သားသမီးတွေ ရှိတဲ့သူတွေကတော့ သိပ်မပြန်ရဲကြဘူး။ တချို့ အိန္ဒိယနယ်စပ်မှာ သွားနေကြတဲ့သူတွေက မပြန်တော့ဘဲနဲ့ မီဇိုရမ်ဘက်မှာ ရောက်တဲ့သူတွေလည်း ရှိတယ်” ဟု ဆက်ပြောသည်။
ထို့ပြင် လက်ရှိတွင် ကလေး-ခမ်းပတ် ကားလမ်းပိုင်း ယာဉ်စီးခသည် လူတစ်ဦးလျှင် ကျပ် ၅၀,၀၀၀ အထိ ရှိနေသောကြောင့် မိသားစုဝင် များပြားသည့် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် နေရပ်ပြန်ရန် လမ်းစရိတ် အခက်အခဲများနှင့်လည်း ရင်ဆိုင်နေကြရသည်။
စစ်တပ်သည် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး-တမူး လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဇွန်လ ၇ ရက်နေ့မှစ၍ တမူးမြို့နှင့် ကလေးမြို့ဘက်မှ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ညှပ်ကာ မြေပြင်သာလွန်အင်အား အများအပြား အပါအဝင် လေကြောင်း တိုက်ခိုက်မှုများပါ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့ပြီးနောက် ဇူလိုင်လကုန်ပိုင်းတွင် ပြန်လည် ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။







