အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း တစ်သောင်းတန် ငွေ စက္ကူအတုများ ပျံ့နှံ့နေသဖြင့် အသုံးပြုရာတွင် အခက်အခဲများ ကြုံ့တွေ့နေကြကြောင်း ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
နေ့စဉ်လူတိုင်း ဈေးအရောင်းအဝယ်များ ပြုလုပ်ရာတွင် တစ်သောင်းတန် ငွေစက္ကူအတုများ ကြားညှပ်ပါလာနေသည်ကို ကြုံတွေ့နေကြရသည်ဟု ပြောကြသည်။
“ ဆန်ရောင်းတဲ့အခါ တစ်သောင်းတန် အတု တစ်ရွက် ကြားညှပ် ပါလာတာကို သတိ မထားမိလိုက်ဘူး။ ညဘက် အိမ်ရောက်လို့ ပိုက်ဆံတွေ စစ်ကြည့်မှ တစ်သောင်းတန်အတု တစ်ရွက် ကပ်ပါလာတယ်။ ကျမလည်း အဲဒီပိုက် ဆံတစ်ရွက်နဲ့ ပြဿနာတွေ မရှုပ်ချင်လို့ ပိုက်ဆံကို ဆုတ်ဖြဲပြီး လွှင့်ပစ်လိုက်တယ် ” ဟု ကျောက်တော်မြို့မှ ဆန်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုတွေ့ရှိရသော ငွေစက္ကူအတုများမှာ လေးထောက်စွန် အနားမညီခြင်း၊ ကာလာဖျော့ခြင်း၊ စက္ကူသား ပြောင်ချောပြီး ပါးလွှာခြင်း၊ ရောင်ပြန်ကြိုးနေရာတွင် ဆေးရောင်ဖြင့်သာ ရေးဆွဲထားခြင်းနှင့် ငွေမျက်နှာပြင် အရောင်တောက်တောက်ဖြင့် ပုံနှိပ်ထားခြင်းကို တွေ့ရကြောင်း ပြောဆိုကြသည်။
ယင်းကြောင့် နေ့စဉ်အရောင်းအဝယ် ကူးလူးဆက်ဆံရာတွင် ငွေစက္ကူများကို သေချာစစ်ဆေးပြီး သတိထားယူနေရကြောင်း ပြောကြသည်။
လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ဒေသခံများမှာ ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို အလူး အလဲခံစားနေကြရပြီး ယခုကဲ့သို့ ငွေစက္ကူအတုများ ပျံ့နှံလာခြင်းအပေါ် စိုးရိမ်မှုများ ရှိနေကြကြောင်း သိရသည်။
“ အခုချိန်မှာက ကုန်ဈေးနှုန်းတွေက တက် စီးပွားရေး ကျပ်တည်းနေကြတဲ့ အချိန်လေ။ ဒါကြောင့် ပိုက်ဆံအတုတွေ ပေါလာတာကိုတော့ တော်တော်လေး စိုးရိမ်မိတယ်။ ကျမဆိုရင် မုန့်ရောင်းစား နေရတာ။ ကုန်ဈေးနှုန်းမြင့်တက်နေတာကြောင့် အမြတ်ကလည်း နည်းနည်းပဲ ရတယ်။ ဒီလိုအချိန်မျိုးမှာ တစ်သောင်းတန် အတုတစ်ရွက် ကပ်ပါလာရင် ဘာမှ မကျန်တော့ဘူး ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
သို့သော် ငွေလွှဲ/ငွေထုတ်လုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အများစုမှာ ငွေတွက်စက်များနှင့် အသုံးပြုသဖြင့် ယခုအချိန်အထိ ငွေစက္ကူအတုများကို လက်ခံမိခြင်း မရှိသေးကြောင်း သိရသည်။
ယင်းအပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆိုင်သည်အများစုအနေဖြင့် ငွေစက္ကူအတုနှင့် အစစ်၏ ကွာခြားချက်များကို အထူးဂရုပြုလေ့လာရန် လိုအပ်ကြောင်းလည်း ကုန်သည်များက ပြောသည်။
ထို့အတူ ငွေစက္ကူအတုများ ပေါများလာခြင်းသည် ပြည်သူများငွေကြေးအပေါ် ယုံကြည်မှု လျော့နည်းလာသည့်အပြင် လူတိုင်းအတွက် နစ်နာမှု ပြဿနာများ ကြုံတွေ့လာရနိုင်ကြောင်း သုံးသပ်နေကြသည်။
ထို့ကြောင့် ရခိုင်ပြည်တွင် ငွေကြေးဖောင်းပွမှုနှင့် ငွေတန်ဖိုးကျဆင်းခြင်းများ ပိုမိုဖြစ်လာနိုင်၍ ULA အစိုးရအနေဖြင့် ငွေတုထုတ်ပြီး အသုံးပြုနေခြင်းအပေါ် စုံစမ်းပြီး ထိရောက်စွာ ကိုင်တွယ်သင့်ကြောင်း တိုက်တွန်းနေကြသည်။
“ အခုလို ငွေအတုတွေ ပေါလာတော့ ငွေကြေးဖောင်းပွမှုကို ပိုပြီး ဖြစ်လာနိုင်တယ်။ ကုန်ဈေးနှုန်းတွေလည်း အဆမတန် တက်လာနိုင်တယ်။ ဒါကြောင့် အာရက္ခတပ်တော်အနေနဲ့ စည်းကမ်း ပိုပြီးတင်းကျပ်ဖို့ လိုလာတယ်။ ပြီးရင် ငွေတု စစ်တဲ့ စနစ်တွေ ဖန်တီးဖို့နဲ့၊ ဒီလို ငွေစက္ကူအတု ဖြန့်ဝေသူတွေကို ထိထိရောက်ရောက် စုံစမ်းပြီး အရေးယူစေချင်တယ် ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်ရေးပဋိပက္ခအတွင်း ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ စီးပွားရေး အဆင်မပြေဖြစ်ခြင်းတို့ကြောင့် လောဘ သားကောင်များသည် အခွင့်ကောင်းယူပြီး လွယ်ကူသည့် နည်းလမ်းဖြင့် ငွေစက္ကူအတုများကို ဖြန့်ဝေသုံးစွဲလာခြင်းဖြစ်သည်။
ယခင်က ငွေစက္ကူအတု သိလျက်နှင့် သုံးစွဲသူသည် ထောင်ဒဏ် ၃ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်ခံရနိုင်ပြီး ငွေစက္ကူအတုပြုလုပ်သူများမှာ ထောင်ဒဏ် ၁၀ နှစ်မှ ၂၀ နှစ်အထိ ပြစ်ဒဏ်ခံရနိုင်သည်။







